ဂျပန်နိုင်ငံ အိုကီနာဝါသို့ ပြင်းထန်သော အပူပိုင်းမုန်တိုင်း ဂျန်မီ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်
ဇွန် ၁
ဂျပန်နိုင်ငံအိုကီနာဝါကျွန်းကြီးသို့ အပူပိုင်းမုန်တိုင်း ဂျန်မီ ချဉ်းကပ်လာပြီး အလွန်ပြင်းထန်သော လေတိုက်ခတ်မှုများ ဖြစ်ပေါ်လာကြောင်း ဖော်ပြထားသည်။
မိုးလေဝသတာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှုနှင့် မြေပြိုမှုများကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ယင်းဒေသများရှိ ဒေသခံများအား သတိပေးပြောကြားလျက်ရှိသည်။
အဆိုပါမုန်တိုင်းသည် နာဟာမြို့၏ တောင်ဘက်-အနောက်တောင်ဘက်တွင် တည်ရှိနေပြီး ယနေ့ မွန်းတည့်ချိန်အထိ တစ်နာရီလျှင် ၁၅ ကီလိုမီတာဖြင့် မြောက်ဘက်သို့ ရွေ့လျားလျက်ရှိသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
အိုကီနာဝါနှင့် အမာမီဒေသတို့တွင် ဇွန် ၂ ရက်အထိ လေပြင်းတိုက်ခတ်မှုသည် တစ်နာရီလျှင် ၁၆၂ ကီလိုမီတာအထိ ရှိနိုင်ကြောင်း ဖော်ပြထားသည်။
လာမည့် ၂၄ နာရီအတွင်း အိုကီနာဝါနှင့် အမာမီတို့တွင် မိုးရေချိန် ၂၅၀ မီလီမီတာအထိ ရွာသွန်းမည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။
ထိုမုန်တိုင်းသည် ဇွန်လ ၃ ရက်နေ့အထိ ဂျပန်အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ချဉ်းကပ်လာမည်ဟု မျှော်လင့်ရပြီး ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု သိရသည်။
ဇွန် ၁ ရက်နေ့အတွက် လေယာဉ်ခရီးစဉ် ၄၀၀ ခန့်ကို ဖျက်သိမ်းခဲ့ပြီး ဇွန် ၂ ရက်အတွက် စီစဉ်ထားသော နောက်ထပ်လေယာဉ်ခရီးစဉ် ၁၆၀ ကျော်ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။
လေကြောင်းလိုင်းအော်ပရေတာများက နောက်ဆုံးရသတင်းအချက်အလက်များအတွက် ၎င်းတို့၏ ဝက်ဘ်ဆိုက်များကို စစ်ဆေးရန် ခရီးသည်များအား ပြောကြားထားသည်။
မိုးလေဝသတာဝန်ရှိသူများ၏ပြောကြားချက်အရ ထိခိုက်ခံရသောဒေသများတွင် အဆင့် ၄ သတိပေးချက်များ ထုတ်ပြန်နိုင်ဖွယ်ရှိပြီး ယင်းသတိပေးချက်သည် ပြန်လည်ပြင်ဆင်ထားသော ဘေးအန္တရာယ်သတင်းအချက်အလက်ကြေငြာချက်စနစ်အောက်ရှိ အမျိုးအစားအသစ်တစ်ခုဖြစ်ပြီး အရေးပေါ်သတိပေးချက်ကို ညွှန်ပြကြောင်းနှင့် အန္တရာယ်ရှိသည်ဟု ယူဆရသောနေရာများမှ လူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့သင့်ခြင်းကိုဆိုလိုကြောင်း ဖော်ပြထားသည်။
ထိုဒေသများရှိလူများအား ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်နှင့် အစောပိုင်းပြင်ဆင်မှုများပြုလုပ်ရန် တာဝန်ရှိသူများက ပြောကြားထားသည်ဟု သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments