နယူးဇီလန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုဆက်လက်မြင့်တက်
ဇွန် ၁၂
နယူးဇီလန်နိုင်ငံသို့ တရုတ်၊ ဩစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်မှုသည် ဧပြီလတွင် ဆက်လက်မြင့်တက်လျက်ရှိသည်ဟု တရားဝင်အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
ဧပြီလတွင် နိုင်ငံခြားခရီးသွား ၂၈၈၅၀၀ ဦး စံချိန်တင်ရောက်ရှိခဲ့ရာ ယခင်နှစ်ကထက် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ရှစ်ရာခိုင်နှုန်း တိုးလာပြီး ကပ်ရောဂါမတိုင်မီခရီးသွားဝင်ရောက်မှုအဆင့်၏ ၉၄ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်းဌာနက ဖော်ပြထားသည်။
စာရင်းအင်းဌာနက ဧပြီလတွင် တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု ၃၂၅၀၀ ဦး ရှိရာ ယခင်နှစ်ထက် ၅၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စံချိန်တင် ခရီးသွား ၂၅၈၀၀ ဦး ရှိပြီး ၁၄ ရာခိုင်နှုန်း တိုးလာကာ ဩစတြေးလျမှ ခရီးသွား ၁၃၈၀၀၀ ဦး ရှိပြီး ၄ ရာခိုင်နှုန်းနှင့် အိန္ဒိယမှ ခရီးသွား ၈၀၀၀ ဦးရှိပြီး ၁၇ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။
နယူးဇီလန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်ဝင်ငွေရင်းမြစ်ဖြစ်သော ခရီးသွားလုပ်ငန်းသည် အပြုသဘောဆောင်သော တိုးတက်မှုလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားကြောင်း ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝတ်ပြုရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများနှင့် လောင်စာဆီထောက်ပံ့မှုအပေါ် ဖိအားများရှိနေသည့်ကြားမှ ယခုလို ဆက်လက်ပြန်လည် ကောင်းမွန်လာခြင်းသည် အားတက်ဖွယ်ကောင်းသော လက္ခဏာ ဖြစ်သည်ဟု ၎င်းကဆိုသည်။
နိုင်ငံတကာခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်သည့် အထူးအစီအစဉ်များ၏ အကျိုးသက်ရောက်မှုနှင့် ခရီးသွားလိုအပ်ချက် မြင့်တက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည်တိုးတက်လာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments