ဖီဂျီနိုင်ငံက အမျိုးသား ဒစ်ဂျစ်တယ် စိုက်ပျိုးရေး အစီအစဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်



ဆူးဗား  မေ  ၃၁

ဖီဂျီနိုင်ငံက အမျိုးသားဒစ်ဂျစ်တယ် စိုက်ပျိုးရေးအစီအစဉ်ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင် လျက်ရှိကြောင်း သိရသည်။

ဒစ်ဂျစ်တယ်စိုက်ပျိုးရေးမဟာဗျူဟာသည် ရှေ့ပြေးစီမံကိန်းများမှ နိုင်ငံတစ်ဝန်းဒစ်ဂျစ်တယ် စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ ရေလမ်းနှင့် သကြားစက်မှု ဝန်ကြီးဌာန ဝန်ကြီး တိုမာဆီ တူနာဘူနာက ယနေ့ ပြောကြားခဲ့သည်။

ဖီဂျီအစိုးရက အမေရိကန်ဒေါ်လာ ၅၂ သန်းခန့်ကို ၂၀၂၅-၂၀၂၆ နိုင်ငံတော်ဘတ်ဂျက်တွင် ဒစ်ဂျစ်တယ်စိုက်ပျိုးရေး၊ စျေးကွက်ဝင်ရောက်မှုနှင့် အရင်းအနှီးအစီအစဉ်များအတွက် ခွဲဝေပေး ထားသည်။

အစိုးရက ဖန်လုံအိမ်နှင့် ဟိုက်ဒရိုပိုနစ်များကဲ့သို့သော အကာအကွယ်ပေးထားသော လယ်ယာ စနစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး တူနာဘူနာက ဆက်လက်ပြောကြားခဲ့သည်။

ရိတ်သိမ်းချိန်လွန်စနစ်များကို အအေးခန်းသိုလှောင်မှု၊ အအေးခန်းသယ်ယူပို့ဆောင်ရေးနှင့် နည်းပညာမြင့်ကိရိယာများအသုံးပြုကာ အဆင့်မြှင့်တင်လျက်ရှိသည်။

သို့သော် ကျေးလက်ဒေသချိတ်ဆက်မှု၊ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုတွင် ကွာဟမှု များသည်  အမျိုးသားဒစ်ဂျစ်တယ်  စိုက်ပျိုးရေးအစီအစဉ်၏  အကျိုးသက်ရောက်မှုကို ကန့်သတ် နိုင်ပြီး သွင်းကုန်မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုများကို နှေးကွေးစေနိုင်ကြောင်း ဖီဂျီအစိုးရ က သတိပေးထားသည်။

ယခုနှစ်အတွင်း လယ်သမား ၄၂၀ ကို ဒစ်ဂျစ်တယ် စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်မှုများအတွက် လေ့ကျင့်ပေးခဲ့ပြီး  ရာသီဥတုဒဏ်ခံနိုင်သော ထုတ်လုပ်မှုနှင့် လယ်ယာလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု များတွင် လယ်သမား ၁၂၅ ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.