ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ်ပထမငါးလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၅၄ သန်းသာဝင်ရောက်မှုရှိ



ဇွန် ၂၂

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅၄ သန်းသာရှိရာ  ၄၈ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ကြောင်း  ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်၊ ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိပ်တန်းခရီးသွားသုံးနိုင်ငံဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက်ကျဆင်းလာခြင်းသည် ဒေသတွင်းစီးပွားရေးနှေးကွေးမှု၊ အွန်လိုင်းလိမ်လည်မှုပြဿနာများနှင့် ထိုင်းနိုင်ငံနှင့်နယ်စပ် အငြင်းပွားမှုများ၏သက်ရောက်မှုများကို ထင်ဟပ်စေကြောင်း ကမ္ဘောဒီးယားနည်းပညာနှင့်သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးစင်တာမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

နိုင်ငံခြားခရီးသွားဝင်ရောက်မှုအရေအတွက် သိသာထင်ရှားသောကျဆင်းမှုသည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် လေယာဉ်ခရီးစဉ်များပြတ်တောက်ခြင်းနှင့် လောင်စာဆီ ဈေးနှုန်းမြင့်မားခြင်း တို့ကြောင့်လည်း ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ တင်ပို့ခြင်းတို့နှင့်အတူ နိုင်ငံစီးပွားရေး၏ အဓိကအချက်လေးချက်အနက် တစ်ခုအဖြစ် ပါဝင်ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၅ ဒသမ ၅၇ သန်း စံချိန်တင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံ ဝင်ငွေရရှိခဲ့သည်ဟု ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.