ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဆန်၊ စားသုံးဆီအပါအဝင် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်
နေပြည်တော် ဇွန် ၉
တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့်
ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့်
ချင်းပြည်နယ်ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသများသို့
အရောက်ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ကော်မတီအနေဖြင့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့သို့
ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက်
ကနဦးစီစဉ်မှုအဖြစ် စားသုံးဆီ ၁၀ တန်နှင့် ဆန်တန်ချိန် ၅၀၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်
လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံတို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ
ယနေ့တွင် တပ်မတော် လေယာဉ်များဖြင့် သွပ် ၁၀ တန်၊ ဘိလပ်မြေ ၅ ဒသမ ၅ တန်၊ သွပ်ရိုက်သံ
၁၂၃ ပိဿာ၊ ရော်ဘာဝါရှာ တစ်ဖာတို့ကို မန္တလေးမြို့မှ ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး
သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့နိုင်ရေး၊ ဒေသ၏လိုအပ်ချက်များ အပေါ်မူတည်၍
ထပ်မံဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် မေ ၂၄ ရက်မှ ဇွန် ၉ ရက်အထိ
ပေးပို့ထောက်ပံ့ပြီးစီးမှု စုစုပေါင်းသည် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ
ကျပ်သန်း ၃၀၀၀၊ စားသုံးဆီ ၁၀ တန်၊ ဆန်တန်ချိန် ၅၀၊ မိသားစုသုံးပစ္စည်းစုံနှင့် တစ်ကိုယ်ရေသုံးပစ္စည်းစုံ
အိမ်ထောင်စု ၆၀၀ စာ၊ ဘိလပ်မြေတန် ၂၀၊ အမိုး သွပ်တန် ၂၀၊ သွပ်ရိုက်သံ ၂၄၆ ပိဿာနှင့်
ဆက်စပ်ပစ္စည်းများကို ပို့ဆောင်ပေးထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments