ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ



နေပြည်တော် ဇွန် ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြား ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက် ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာ ကြသည်။


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ Capital လေဆိပ်သို့ ရောက်ရှိကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Liu Wei ဦးဆောင်သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။


ထိုသို့ကြိုဆိုစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးစံစဉ်လာ နှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍လည်းကောင်း၊ တရုတ်ကလေး ငယ်တစ်ဦးနှင့် မြန်မာကလေးငယ်တစ်ဦးတို့က ဂုဏ်ပြုပန်းစည်း ကမ်း၍လည်းကောင်း နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခရီးဦးကြိုဆိုခဲ့ကြသည်။


ယင်းနောက် နိုင်ငံတော်သမ္မတလိုက်ပါလာသည့် အထူးယာဉ်တန်းသည် ကျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာသို့ ဆက်လက်ထွက်ခွာရာ လမ်းကြောင်း တစ်လျှောက်၌ နှစ်နိုင်ငံ နိုင်ငံတော်အလံများကို လွှင့်ထူ၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုထားမှုများအား တွေ့မြင်ရသည်။


ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် တရုတ်သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံ ခြင်းတို့အပြင် ပြည်နယ်အကြီးအကဲများ၊ စီးပွားရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်သို့တက်ရောက်၍ အဆင့်မြင့် နည်းပညာသုံးစက်မှုလုပ်ငန်းများသို့ သွားရောက် လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.