အာဖဂန်နစ္စတန်၌ ရေနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် ၇၅ ဦး သေဆုံး
ဇွန် ၈
အာဖဂန်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ် ၁၀ ပတ်အတွင်း ရေနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် ၇၅ ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယနေ့တွင် ကြေညာခဲ့သည်။
နိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော သေဆုံးမှုများတွင် အမျိုးသမီးခုနစ်ဦးနှင့် ကလေး ၄၁ ဦး ပါဝင်ခြင်းသည် အမျိုးသမီးများနှင့် အရွယ်မရောက်သေးသူများ ရေဘေးအန္တရာယ်တွင် အလွန်အမင်းထိခိုက်လွယ်မှုကို မီးမောင်းထိုးပြလျက်ရှိသည်။ အဆိုပါဖြစ်ရပ်များသည် မြစ်ရေစီးကြောင်းပြင်းထန်မှု၊ ရေကူးကျွမ်းကျင်မှုနှင့် ရေဘေးကင်းရေးအသိပညာတို့တွင် ကွာဟချက်များကြောင့် ရေနစ်သေဆုံးခြင်းကို ဖော်ပြနေသည်ဟု အာဏာပိုင်များကဆိုသည်။
အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ မြစ်တစ်စင်းတွင် ရေကူးနေစဉ် ဆယ်ကျော်သက်သုံးဦး ရေနစ်သေဆုံးခဲ့သည်။
မြစ်များ၊ ရေကန်များနှင့် အခြားရေပြင်များအနီးတွင် ရေကူးခြင်း သို့မဟုတ် အပန်းဖြေလှုပ်ရှားမှုများတွင် ပါဝင်သည့်အခါ အေဂျင်စီမှ ထုတ်ပြန်သော ဘေးကင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ကြိုတင်ကာကွယ်မှုလမ်းညွှန်ချက်များကို တင်းကြပ်စွာလိုက်နာရန် အာဏာပိုင်များက နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။
ရာသီဥတုပူနွေးလာမှုနှင့်အတူ ရေနစ်သေဆုံးမှုများသည် နိုင်ငံတစ်ဝန်းတွင် သိသိသာသာမြင့်တက်လာခဲ့ပြီး ရေစီးကြောင်းမြန်ဆန်ခြင်း၊ ရေကြီးခြင်း၊ အများပြည်သူရေကူးကျွမ်းကျင်မှု အကန့်အသတ်ရှိခြင်းနှင့် ရေဘေးကင်းရေးအစီအမံများအကြောင်း အသိပညာနည်းပါးခြင်းတို့ကြောင့် ပိုမိုဆိုးရွားလကြောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments