လူမှုစီးပွားဘဝအဆင်ပြေစေရေး ကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုပေး
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုများရှိနေရာ စက်သုံးဆီ(ဒီဇယ်ဆီ)အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များ၊ တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့နည်းသက်သာစေရန်အတွက် ဓာတ်မြေဩဇာတင်သွင်းမှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများ သက်သာစေနိုင်ရန်တို့အတွက် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုများအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်၊ ကြိုတင်ဝင်ငွေခွန်တို့နှင့်ပတ်သက်၍ ကင်းလွတ်ခွင့် ကာလကို ထပ်မံတိုးမြှင့်ခွင့်ပြုပေးသည့် ကြေညာချက်ကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။
အခွန်ကင်းလွတ်ခွင့်ကာလ ခွင့်ပြုပေးခြင်းကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကင်းလွတ်ခွင့်ပြုပေးပြီးနောက် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ကင်းလွတ်ခွင့် ပြုပေးခဲ့သည်။ လက်ရှိအခြေအနေတွင် နိုင်ငံတော်အစိုးရက စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုနေရသည့် ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်းတည်ငြိမ်စေရန်၊ ကုန်ကျစရိတ်လျှော့ချနိုင်စေရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးကို အဓိကဦးတည်၍ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်မြေဩဇာတင်သွင်းမှုများနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်များ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကင်းလွတ်ခွင့်ပြုပေးခြင်းသည် ပြည်သူလူထု လူမှုစီးပွားဘဝ အဆင်ပြေစေရန်ဖြစ်သည်။
နိုင်ငံတော်အစိုးရက အခွန်ဘဏ္ဍာငွေရရှိရေးထက် ပြည်သူများအကျိုး စီးပွားကိုရှေးရှု၍ အခွန်ကင်းလွတ်ခွင့်ပြုပေးသည့်အပေါ် လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးစီးပွားထက် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒီဇယ်ဆီကင်းလွတ်ခွင့်သည် တစ်လချင်းအလိုက် နိုင်ငံတော်အစိုးရထံ ခွင့်ပြုတောင်းခံဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ပြည်သူလူထုအကျိုးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ ဒီဇယ်ဆီဈေးနှုန်းမတက်စေရန်၊ တောင်သူလယ်သမားများနှင့် ပြည်သူများ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားနေမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအခြေအနေ၊ ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းအခြေအနေ၊ အခြားဒေသတွင်း နိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများကို လစဉ်စိစစ်သုံးသပ်ပြီး လိုအပ်ပါက ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။ ဒီဇယ်ဆီအပေါ် အခွန်ယာယီသက်သာခွင့်ပြုခြင်းသည် အခွန်လျှော့ပေးခြင်းသာမက စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရေးတို့အတွက် ဓာတ်မြေဩဇာများတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေ၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်(နှစ်ရာခိုင်နှုန်း)ကို လအလိုက် ကင်းလွတ်ခွင့်ပြုပေးလျက်ရှိသည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလျက်ရှိရာ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းနှင့် စက်သုံးဆီရရှိမှုအခြေအနေတို့အပေါ် မူတည်၍ စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ရည်တို့ကို ပြည်သူလူထု အခက်အခဲမဖြစ်စေရန်နှင့် ထိရောက်စွာအသုံးပြုနိုင်ရန် အစီအမံများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
လက်ရှိတွင် စီမံဆောင်ရွက်နေသော မော်တော်ယာဉ်များ စက်သုံးဆီအသုံးပြုမှု အစီအစဉ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူအတွက် အဆင်ပြေချောမွေ့ပြီး အနာဂတ်စက်သုံးဆီလိုအပ်ချက်ကို လုံခြုံစိတ်ချမှုဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်က ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်များ လအလိုက်ခွင့်ပြုပေးလျက်ရှိရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အလေးထားစီမံဆောင်ရွက်ပေးနေသည့် အစီအမံများ အောင်မြင်ဖြစ်ထွန်းအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments