ဘယ်လ်ဂျီယံအသင်း ကမ္ဘာ့ဖလားအုပ်စုအဆင့် အဖွင့်ပွဲစဉ်မှာ အီဂျစ်အသင်းကို သရေတစ်မှတ်သာရရှိအောင် ကစားနိုင်ခဲ့
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဇွန် ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေထဲမှာ နာမည်ကြီး ဘယ်လ်ဂျီယံအသင်းဟာ အီဂျစ်အသင်းကို သရေတစ်မှတ်သာရရှိအောင် ကစားနိုင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံအသင်းနဲ့ အီဂျစ် အသင်းတို့ပွဲစဉ်မှာ အီဂျစ်အသင်း က ပထမပိုင်းပွဲကစားချိန် မိနစ် ၂၀ မှာ အီမန်အာဆောရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းက ဒုတိယပိုင်း ပွဲကစားချိန် ၆၆ မိနစ်မှာ ရရှိခဲ့တဲ့ အီဂျစ်ကစားသမား မိုဟာမက် ဟာနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုးကြောင့် သရေ ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ အီဂျစ်အသင်းနဲ့ပွဲစဉ်မှာ သရေရလဒ်သာ ရရှိအောင်ကစားနိုင်ခဲ့ပေမယ့် အုပ်စု(G)မှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဇွန် ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်တွေမှာတော့ စပိန်အသင်းနဲ့ ကိတ်ဗာဒီအသင်းတို့ပွဲစဉ် မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျအသင်းနဲ့ ဥရုဂွေးအသင်းတို့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
အီရန်အသင်းနဲ့ နယူးဇီလန်အသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အီရန်အသင်း အတွက် သွင်းဂိုးတွေကို ရီဇာအီယန်ကတစ်ဂိုး၊ မိုဟက်ဘီကတစ်ဂိုးသွင်းယူပေးခဲ့ပြီး နယူးဇီလန်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုတော့ အီလီဂျာဂျက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments