အာဖဂန်နစ္စတန်နိုင်ငံ၌ မိခင်သေဆုံးမှုနှုန်း မြင့်မားနေဆဲဟု ကုလသမဂ္ဂထုတ်ပြန်
ကဘူးလ် ဇွန်
၁
အာဖဂန်နစ္စတန်နိုင်ငံသည်
ကမ္ဘာပေါ်တွင် မိခင်သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံ အဖြစ် ဆက်လက်ရပ်တည်နေပြီး
ကလေးမွေးဖွားမှု ၁၀၀၀၀၀ လျှင် မိခင်
၆၀၀ ခန့် သေဆုံးလျက် ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး
(OCHA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းဌာန တိုလို နယူးစ်က ဇွန် ၁ ရက်တွင်
ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ မိခင်များနှင့်
မွေးကင်းစကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် အမျိုးသမီးကျန်းမာရေးလုပ်သားများ၏
အခန်းကဏ္ဍနှင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ရပ်တည်ရှိရေးမှာ
အလွန်အရေးကြီးကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများ
တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်မှု များရှိနေသော်လည်း မိခင်များအတွက်
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ဝေးလံခေါင်ဖျားသော ဒေသများတွင်
လေ့ကျင့်သင်ကြားထားသည့် ကျန်းမာရေး ဝန်ထမ်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆိုင်ရာ
ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်အတွင်း
အန္တရာယ်များ ပိုမိုကြုံတွေ့နေရပြီး ယင်းအခြေအနေက မိခင်သေဆုံးမှုနှုန်းကို မြင့်မားစေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၏
အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ဆင်ဟွာ

No comments