ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်



နေပြည်တော် ဇွန် ၁၅


၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် စီမံထူးချွန်(ဒုတိယအဆင့်) ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် စီမံထူးချွန်နှင့် နည်းပညာထူးချွန် (တတိယအဆင့်)၊ လူမှုထူးချွန်(ဒုတိယအဆင့်)နှင့် ရဲဗလတံဆိပ်ရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် သင်တန်းသားစံပြဆုရရှိခဲ့ကြသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးဇော်ထက်အောင်၊ ဒေါ်စုသက်တင်နှင့် ဌာနခွဲစာရေး ဦးအောင်သူထွေးတို့သုံးဦးအား ပြည်ထောင်စုဝန်ကြီးက တစ်ဆင့်မြင့် ရာထူးများဖြစ်သည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးနှင့် ရုံးအုပ်ရာထူးအဆင့်များကို အပ်နှင်းတပ်ဆင် ပေး၍ အမိန့်စာ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.