ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် ဇွန် ၁၆
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု အဆင့်ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာ ဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ ပြိုင်ပွဲကာလ၊ ပြိုင်ပွဲကျင်းပမည့် အားကစားကွင်း၊ အားကစားရုံများ၊ ပြိုင်ပွဲတွင် ချီးမြှင့်ပေးမည့် ဆုတံဆိပ်များ၊ ဆုကြေးငွေများနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ဝန်ကြီးဌာနများအလိုက် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် ပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် စုဖွဲ့လေ့ကျင့်ပြင်ဆင်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments