ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ တွင်းအမှတ်(၂၂)ရှိ သဲကြောများအား သုတေသနပြုဆန်းစစ်ပြီး တိုးချဲ့သေနတ်ဖောက်ယူခဲ့ရာ သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိ
နေပြည်တော် ဇွန် ၁၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ပြည်တွင်းသုံးစွဲရန် အတွက် လိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝ ဓာတ်ငွေ့လိုအပ်ချက်များကို တိုးတက်ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများကို မအူပင် (တောင်) ဒေသနှင့် စက္ကော့ဒေသများတွင် ဆောင်ရွက်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ညောင်တုန်းနှင့် အဖျောက် ရေနံမြေများတွင် ပါးလွှာသဲကြောများအား သုတေသနပြု၍ တိုးချဲ့သေနတ်ဖောက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
မအူပင်ရေနံမြေတွင် ပါးလွှာသဲကြောများအား တိုးချဲ့သေနတ်ဖောက်ခြင်းကို တွင်းအမှတ် (၁၈)၊ (၂၀)၊ (၁၆)နှင့် (၁၄)တို့တွင်ဆောင်ရွက်ခဲ့ရာ ယင်းတွင်းများမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၆ ဒသမ ၈ ကုဗပေ သန်းခန့်ကို ထုတ်ယူရရှိခဲ့ပြီး အဆိုပါသဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အရောင်းဆိုင်များသို့ ပေးပို့ဖြန့်ဖြူးလျက်ရှိသည်။
ဆက်လက်၍ ဇွန် ၁၂ ရက်တွင် မအူပင်ရေနံမြေ၌ တွင်းအမှတ် (၂၂)ရှိ သဲကြောအား တိုးချဲ့သေနတ်ဖောက်ခဲ့ရာ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၄ ကုဗပေသန်းခန့် ထုတ်ယူရရှိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ၊ အခြားစက်ရုံ အလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အရောင်းဆိုင်များသို့ တိုးချဲ့ပေးပို့ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် “ပြည်သူလူထု၏သယံဇာတအား ပြည်သူ့ထံသို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တိုးချဲ့ရှာဖွေထုတ်လုပ်ပေးနိုင်ရေးနှင့် ပြည်ပမှ စွမ်းအင်သွင်းကုန်များလျှော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရေတို/ရေရှည်အစီအမံများချမှတ်၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments