ပါကစ္စတန်နိုင်ငံ၌ အမေရိကန်ဒေါ်လာ ၂၁၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇွန် ၂၃
ပါကစ္စတန်ရေတပ်နှင့် ပါကစ္စတန်ကမ်းခြေစောင့်တပ်များသည် အနောက်တောင်ပိုင်းကမ်းရိုးတန်းမြို့ ဂွါဒါအနီးတွင် ပူးတွဲမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ရေတပ်က ယမန်နေ့က ပြောကြားခဲ့သည်။
ပါကစ္စတန်ရေတပ်မှထုတ်ပြန်သောကြေညာချက်တစ်ခုအရ ထောက်လှမ်းရေးအခြေပြုစစ်ဆင်ရေးကို ပူးတွဲရေကြောင်းသတင်းအချက်အလက်ညှိနှိုင်းရေးဌာနနှင့် ပူးပေါင်း၍ ဂွါဒါကမ်းရိုးတန်းတစ်လျှောက် ပီရှူကန်အနီးတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ဆင်ရေးအတွင်း အာဏာပိုင်များက ဟာရှစ်ရှ် ၁၅၀၀ ကီလိုဂရမ်နှင့် ရေခဲဟုလူသိများသော ပုံဆောင်ခဲ မက်သာဖက်တမင်း ၅၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရေတပ်ကပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးတင်ပို့မှုကို အာရေဗျပင်လယ်မှတစ်ဆင့် နိုင်ငံတကာသို့ သယ်ယူပို့ဆောင်လျက်ရှိကြောင်း ထပ်လောင်းပြောကြားသည်။
ရေတပ်က ပါကစ္စတန်၏ ပင်လယ်ရေကြောင်းပိုင်နက်ကို တရားမဝင် လုပ်ငန်းဆောင်ရွက်မှုများအတွက် အသုံးချခြင်းမရှိစေရန် ကာကွယ်တားဆီးရေးနှင့် ဒေသတွင်း ပင်လယ်ရေကြောင်းပိုင်နက် လုံခြုံရေးကို အာမခံထိန်းသိမ်းရန် ကတိကဝတ်ကို ထပ်မံအတည်ပြု ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments