အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP)တို့ တွေ့ဆုံဆွေးနွေး




နေပြည်တော် ဇွန် ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာ တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ် ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက် အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။


ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်၊ ဗဟို ကော်မတီဝင်များဖြစ်ကြသည့် စဝ်နော်လိတ်နှင့် စဝ်စွမ်မောဝ်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် စိုင်းဗျူဖ၊ စိုင်းလောင်ခမ်းမိန်း တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက် ပေါ်ပေါက်လာသည့် ရွေးကောက်ခံအစိုးရသစ် လက်ထက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ကြိုတင်ကန့်သတ်ချက်မထားသည့် နည်းလမ်းဖြင့် ဆွေးနွေးသွားရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ NCA Plus ကဲ့သို့ အကောငအထည်ဖော်မည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကိုလည်း လျာထားကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်သည့်ကိစ္စများအား ဆောင်ရွက်မှုမရှိစေရေး ကာကွယ်စောင့်ကြည့်သည့်လုပ်ငန်းများအား ယန္တရားတည်ဆောက်၍ ဆောင်ရွက်ထားရန်လိုပြီး အစိုးရမှဆောင်ရွက်ပေးနေသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် စဉ်ဆက်မပြတ် ထိတွေ့လိုကြောင်း၊ SSPP အဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


 ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ကြောင်း၊ ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အတိတ် က သင်ခန်းစာများကိုယူပြီး ယုံကြည်မှုတည်ဆောက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာသူများက တန်းတူ ရေးကိုအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး၊ ယုံကြည်မှုထိခိုက်စေသည့် ဖြစ်စဉ်များအပေါ် သင်ခန်းစာယူပြီး ထပ်မံမဖြစ်ပွားအောင် အလေးထားဆောင်ရွက်ရေး၊ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများအား အစိုးရနှင့် ပူးပေါင်းဆောင် ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေး ရေး၊ ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် ပစ်ခတ် တိုက်ခိုက်မှုများမဖြစ်ပွားစေရေး နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးတို့အား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP မှဆွေးနွေးသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ SSPP နှင့် ယခင် Bilateral တွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ မြေပြင်အခြေအနေနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများစပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။


မွန်းလွဲပိုင်းတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက နိုင်ငံရေးပြဿနာကို လက်နက်ကိုင် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရေး၊ တန်းတူရေးကို အခြေခံသည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်ပွားလာပါကလည်း တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရေး၊ ဒေသတွင်း၌ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ် ဆေးဝါးဆိုင်ရာကိစ္စရပ်များမရှိစေရေး၊ ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်တည်တံ့သည့်ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးနှင့် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရန် ဆက်လက် ထိန်းသိမ်းထားနိုင်ရေး၊ နှစ်ဖက်ရရှိထားပြီးသည့် သဘော တူညီချက်များနှင့် အပစ်အခတ်ရပ်စဲမှုအခြေအနေကို လေ့လာစောင့်ကြည့်ခြင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများနှင့် နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့် ပတ်သက်ပြီး ချက်ချင်းဖြေရှင်းနိုင်မည့် အဖွဲ့စုံပါဝင်သည့်အဖွဲ့ တစ်ရပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စများအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်က ကျေးဇူးတင်စကား ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။        

 သတင်းစဉ်

No comments

Powered by Blogger.