ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အခြေခံပညာအထက်တန်းကျောင်း(မိုးစွေ)၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ဆောင်ရွက်ထုတ်ပေးမှု ကြည့်ရှုအားပေး
နေပြည်တော် ဇွန် ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ နေပြည်တော်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရဲမိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(မိုးစွေ)သို့ သွားရောက်၍ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများကို လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများကို သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်အဆင့် ငါးဦးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်၍ နိုင်ငံသားကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့် ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ် ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကတ်ကောက်ယူဆောင်ရွက် ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID ကတ်တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းထံပေးအပ်ပြီး မြို့နယ်ရုံးဝန်ထမ်းများနှင့် ဆရာ ဆရာမများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား ကျောင်းသူများအား အာဟာရမုန့်များဝေငှပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments