နယူးဇီလန်နိုင်ငံ ကိုင်ကိုရာခရိုင်တွင် ရေကြီးရေလျှံမှုအရေးပေါ်အခြေအနေ ကြေညာ
ဇူလိုင် ၇
နယူးဇီလန်နိုင်ငံ ကိုင်ကိုရာခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုဟိုင်းမြစ်ကမ်းပါးများ ပြိုကျခဲ့ပြီးနောက် ယနေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။
ဒေသခံအာဏာပိုင်များက ကမ်းရိုးတန်းမြို့၏အစိတ်အပိုင်းများတစ်လျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်းဒေသများရှိ ဒေသခံများအား မြင့်မားသောနေရာများသို့ ချက်ချင်းပြောင်းရွှေ့ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
ကိုင်ကိုရာခရိုင်ကောင်စီက မြစ်ကမ်းပါးပြိုကျမှုမတိုင်မီ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး အရေးပေါ်ခိုလှုံရာနေရာများ တည်ဆောက်ထားပြီးဖြစ်ကြောင်းနှင့် တံတားပြိုကျမှုကြောင့် ကုန်းတွင်းဝင်ရောက်မှု ပြတ်တောက်ကာ ကိုင်ကိုရာမြို့၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ ပြည်နယ်အဝေးပြေးလမ်းမကြီး ၁ အပါအဝင် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ထားရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း နေရာအတော်များများတွင် မိုးရေချိန် ၁၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ပြီး ကုန်းတွင်းပိုင်းတွင် ၂၀၀ မီလီမီတာနီးပါး စံချိန်တင်ခဲ့သည်ဟု နယူးဇီလန်၏အမျိုးသားမိုးလေဝသဌာနက ပြောကြားသည်။ မြစ်ရေများမြင့်တက်လာပြီး ပုံမှန်ရေကြီးရေလျှံမှုအဆင့်ထက် ကျော်လွန်လျက်ရှိကြောင်း ဖော်ပြထားသည်။
ထိုမုန်တိုင်းစနစ်သည် တောင်ပိုင်းကျွန်း၏ အခြားနေရာများကိုလည်း သက်ရောက်မှုရှိပြီး ဝိုင်တာကီခရိုင်တွင် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိနေပြီး ကိုင်ကိုရာအနီးရှိ အိမ်ခြံမြေများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရက်အတော်ကြာ ကြာမြင့်နိုင်သည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်များ ဆက်လက်တည်ရှိနေပြီး မိုးရွာသွန်းမှုကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း နယူးဇီလန်၏အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments