ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
အနီးစခန်းလေဆိပ်သည် ပြည်တွင်းလေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာနိုင်တော့မည်
နေပြည်တော် ဇူလိုင် ၁၁
ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးဆန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေး မှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပမည့် အနီးစခန်းလေဆိပ်သို့ ရောက်ရှိရာ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ ကျောင်းသား ကျောင်းသူ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအကအဖွဲ့များက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ယင်းနောက် နိုင်ငံတော်သမ္မတက အနီးစခန်းလေဆိပ် အဆောက်အအုံအသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အနီးစခန်းလေဆိပ်ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယအပိုင်းကို လေဆိပ် အဆောက်အအုံအသစ် ပထမထပ်၌ ကျင်းပပြုလုပ်ရာ ဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းအတွက် အထင်ကရဖြစ် ပြီး အေးချမ်းသာယာသည့်ပန်းမြို့တော်ပြင်ဦးလွင်၏ သမိုင်းတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင် သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ အနီးစခန်းလေဆိပ် ဖွင့်လှစ်ခြင်း သည် နိုင်ငံတော်၏လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက်သာမက ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးတို့အတွက်ပါအရေးပါ သည့် ကြိုးပမ်းဆောင်ရွက်မှု မှတ်တိုင်တစ်ခုလည်းဖြစ်ကြောင်း။
အနီးစခန်း လေဆိပ်သည် လွတ်လပ်ရေးမရမီကာလကတည်းက ဖောက်လုပ်တည်ရှိခဲ့သည့် သမိုင်းအစဉ်အလာ ကြီးမားသော လေဆိပ်တစ်ခုဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနက ထိန်းသိမ်းထားခဲ့ ကြောင်း၊ ၁၉၅၂ ခုနှစ်မှ ၁၉၅၇ ခုနှစ်အတွင်း ဒါကိုတာလေယာဉ် များ၊ တပ်မတော်(လေ)မှ ဖော်ကာ အက်ဖ်-၂၇ လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲ အသုံးပြုခဲ့ကြောင်း၊ ယခင်က လေယာဉ်ပြေးလမ်း အလျား ပေ ၄၄၅၀ နှင့် အကျယ် ပေ ၂၀၀ ရှိသည့် ကျောက်ရော မြေကြီးကွင်း တစ်ခုသာဖြစ်ခဲ့ ကြောင်း။
၂၀၀၄ ခုနှစ်တွင် မူလ လေယာဉ်ပြေးလမ်းကို အလျားပေ တစ်သောင်းအထိ ရရှိရေး အတွက် တစ်ဆက်တည်းရှိနေ သည့် မြောက်ဘက်ကို တိုးချဲ့ တည်ဆောက်ခဲ့ပြီး ကွန်ကရစ်ခင်း လေယာဉ်ရပ်နားနေရာကိုလည်း အလျား ပေ ၆၀၀ ၊ အနံ ပေ ၃၀၀ တည်ဆောက်ခဲ့ရာ ၂၀၀၆ ခုနှစ်၌ ပြီးစီးခဲ့ပြီးဖြစ်သည့်အတွက် လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ပြန်လည်ဆင်းသက် အသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း။
လက်ရှိတွင် ရွေးကောက် တင်မြှောက်ခံရပြီး တာဝန်ယူနေ သည့် နိုင်ငံတော်အစိုးရသစ်အနေ ဖြင့် နိုင်ငံတော်ကြီးကို ဘက်စုံ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများကို အင်တိုက်အားတိုက် ဖြည့်ဆည်းတည်ဆောက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဖြည့်ဆည်း တည်ဆောက်ရာတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း၊ ထို့ကြောင့်လည်း လေဆိပ်များအပါအဝင် အခြေခံအဆောက် အအုံများ တိုးချဲ့ခြင်းနှင့် အသစ်တည်ဆောက်ခြင်းစီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
လေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည်
လက်ရှိမြန်မာနိုင်ငံတွင် ပုံမှန် လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိသည့် အပြည်ပြည် ဆိုင်ရာလေဆိပ် သုံးခုနှင့် ပြည်တွင်း လေဆိပ် ၂၈ ခု ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အနီးစခန်းလေဆိပ်သည် ပြည်တွင်း လေဆိပ်ကွန်ရက်ကို ပိုမိုအားကောင်းလာစေမည့် လေဆိပ်တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်လာနိုင်တော့ မည်ဖြစ်ကြောင်း။
ပြင်ဦးလွင်မြို့သည် ပင်လယ် ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀၀ ကျော်တွင် တည်ရှိကြောင်း၊ တစ်နှစ်ပတ်လုံး သင့်တင့်မျှတ သည့် ရာသီဥတုရှိပြီး ပန်းမန်များ ဖူးပွင့်ဝေဆာကာ သာယာလှပ သည့် မြို့ဖြစ်ကြောင်း၊ ထို့အပြင် သဘာဝက ဖန်တီးပေးထားသည့် အပန်းဖြေစခန်းများ တည်ရှိပြီး ရှေးဟောင်းဗိသုကာပညာလက်ရာ များကိုပါ တွေ့မြင်ခံစားနိုင်သောကြောင့် ခေတ်အဆက်ဆက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအကြား စိတ်ပါ ဝင်စားမှုများပြီး အထင်ကရ ကျော်ကြားခဲ့ကြောင်း၊ ပြင်ဦးလွင် ကို တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီပန်းမြို့တော်၊ ကော်ဖီ မြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော် စသည်ဖြင့် မျှော်မှန်းပြီး နိုင်ငံ့ဂုဏ်ဆောင် မြို့ကြီး တစ်ခုအဖြစ် တည်ဆောက်နေကြောင်း၊ ထို့ကြောင့်လည်း ခရီးသွားဧည့်သည်များ အချိန်တို အတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေး အတွက် နိုင်ငံတော်အနေဖြင့် အနီးစခန်းလေဆိပ်ကို လေဆိပ် တစ်ခု၏အင်္ဂါရပ်နှင့် ညီညွတ်ပြည့်စုံမှုရှိစေရန် အဆင့်မြှင့်တင် ရေးစီမံကိန်းကို ၂၀၂၃ ခုနှစ် ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့
ထိုသို့ ဆောင်ရွက်ရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၀၀၀၀၀ ဝင်/ထွက် အသုံးပြုနိုင်သည့် အလျား ပေ ၁၂၀ ၊ အနံ ပေ ၈၀ ရှိ steel structure နှစ်ထပ်လေဆိပ် အဆောက်အအုံသစ်ကို တည်ဆောက်ခဲ့ကြောင်း၊ Boeing 737-800 တို့ ကဲ့သို့ လေယာဉ်အမျိုးအစားသုံးစင်း တစ်ပြိုင်တည်း ရပ်နားအသုံးပြုနိုင် စေရန် အလျား ပေ ၆၀၀၊ အနံ ပေ ၅၅၀ အထိ တိုးချဲ့ထားသည့် လေယာဉ်ရပ်နားနေရာ၊ အလျား ပေ ၃၀ ၊ အနံ ပေ ၂၀ နှင့် အမြင့် ၅၆ ပေရှိ လေကြောင်းထိန်း မျှော်စင်သစ်တို့ကိုလည်း တည် ဆောက်နိုင်ခဲ့ကြောင်း၊ ထို့အပြင် လေယာဉ်ဆင်းသက်မှု အထောက် အကူပြု လမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း လျှပ်စစ်မီး စနစ်များနှင့် လေယာဉ်ရောက်ရှိ နေရာပြ လေကြောင်းလမ်းညွှန် စက်များကိုပါ တပ်ဆင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။
အထူးသဖြင့် အနီးစခန်း လေဆိပ်သည် ပြင်ဦးလွင်ဒေသ၏ ခရီးသွားကဏ္ဍ တစ်ခုတည်းအတွက် သာမကဘဲ နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်း ပညာကဏ္ဍ (ICT Sector) ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟို ချက်မဖြစ်သည့် “ရတနာပုံ ဆိုက်ဘာစီးတီး” ကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ် ဆောင်ရွက်ရာတွင် အဓိကကျ သည့် လေကြောင်းဆက်သွယ်ရေး တံခါးပေါက်(Strategic Gateway) ဖြစ်လာမည်လည်း ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာရှင် များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ နည်းပညာဖွံ့ဖြိုးမှုနှင့် ဒီဂျစ်တယ် စီးပွားရေးကဏ္ဍကို အရှိန်အဟုန် ဖြင့် မြှင့်တင်ပေးနိုင်မည်ပင်ဖြစ် ကြောင်း။
ထို့အပြင် ပန်းမြို့တော် ပြင်ဦးလွင်ဒေသ၏ အဓိက ဂုဏ်ဆောင်ဖြစ်သည့် အဆင့်မြင့် ပန်းမန်များ၊ ကော်ဖီနှင့် စတော် ဘယ်ရီ စသည့်လတ်ဆတ်မှု လိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည် ပို့ဆောင် ရေးစနစ် (Air Cargo & Cold Chain Logistics)ကိုအသုံးပြုပြီး ပြည်တွင်းဈေးကွက်များသာမက ပြည်ပနိုင်ငံများသို့ပါ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ယင်းအခြေအနေ သည် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များစွာကို ဖန်တီးပေး ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ခေတ်မီ စိုက်ပျိုးစီးပွားရေးကဏ္ဍကို မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ကြောင့် အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို ပိုမိုကြီးမား သည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် ခေတ်မီ လေဆိပ်တစ်ခုအဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ လေယာဉ်များ အမြန်ဆင်းသက် ထွက်ခွာနိုင်မည့် ဝင်လမ်းထွက်လမ်းများ၊ ကုန်စည်တင် လေယာဉ် ရပ်နားနေရာ၊ ကုန်စည်သို လှောင်ရုံ စသည့် အခြေခံအဆောက်အအုံ များကိုလည်း အဆင့်ဆင့် ဖြည့်ဆည်း တည်ဆောက်ပြီး အဆင့်မြှင့်တင် သွားရန် လျာထားစီစဉ်ထားပြီးဖြစ်ကြောင်း၊ ယခု လေဆိပ်သည် ရှမ်းပြည်နယ်ရှိ လေဆိပ်များအပါအဝင် မြန်မာ နိုင်ငံအနှံ့အပြားရှိ လေဆိပ်များနှင့် ကွန်ရက်ချိတ်ဆက်ပျံသန်းသည့် လေကြောင်းခရီးစဉ်များကို အထောက်အကူပြုပြီး ကုန်သွယ်ရေးနှင့် နည်းပညာစီးဆင်းမှုများမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးမည့် လေဆိပ် အဖြစ် ခိုင်ခိုင်မာမာရပ်တည် လိမ့်မည်ဟုလည်း ယုံကြည်ပါကြောင်း။
အနီးစခန်းလေဆိပ် အဆင့် မြှင့်တင်ရေး လုပ်ငန်းသည် နိုင်ငံတော်၏အရေးကြီး အခြေခံအဆောက်အအုံများမှ စီမံကိန်း လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော် အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံကိန်းကာလအတွင်း အောင်မြင် စွာ အကောင်အထည်ဖော်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းအောင်မြင် မှုအတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော် အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများအားလုံးကို နိုင်ငံတော် ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း။
ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး နိုင်ငံတော်က ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ တည်ဆောက်ပေးခဲ့သည့် အနီးစခန်းလေဆိပ်ကို ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန်နှင့် လေဆိပ်ကို အသုံးပြုပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လေဆိပ်အဆောက်အအုံသစ်ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အခမ်းအနားတက်ရောက် လာကြသူများသည် လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုနှင့် ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုတေး သီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အနီး စခန်းလေဆိပ်၊ လေဆိပ်အဆောက်အအုံ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်အား နေရာ အရောက် ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာ ကြသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတသည် လေဆိပ်အဆောက်အအုံနှင့် လေယာဉ်ရပ်နားရန်နေရာ အသစ် တည်ဆောက် ပြီးစီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments