မော်လမြိုင်မြို့၌ ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသ

 


နေပြည်တော် ဇူလိုင် ၁၂

 

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကုသရေးဦးစီးဌာန၏ အထူးကုဆေးရုံကြီး(ခုတင်-၅ဝဝ) (ရန်ကုန်)နှင့် ကလေးဆေးရုံကြီး (ရန်ကုန်)တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီး ၁၂ ဦးပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဇူလိုင် ၁ဝ ရက်မှ ၁၂ ရက်အထိ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

 

အဆိုပါအစီအစဉ်တွင် ဆေးပညာဆိုင်ရာလူနာ ၅၇၃ ဦး၊ ဦးနှောက် နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ ၁၇၆ ဦး၊ နှလုံးရောဂါဆိုင်ရာ လူနာ ၂ဝ၃ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၉၄ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ ၄၇ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ လူနာ ၃၄၇ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါ လူနာ ၂ဝ၁ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၆၈ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြော ရောဂါဆိုင်ရာ လူနာ ၉၆ ဦး၊ ကလေးကင်ဆာရောဂါဆိုင်ရာ လူနာ ၈ဝ၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လူနာ ၁၁၄ ဦး၊ အရိုးရောဂါဆိုင်ရာလူနာ ၂၆၆ ဦး စုစုပေါင်းဒေသခံပြည်သူ ၂၂၆၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း (Echocardiography) ၇၂ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း ၁၄ ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ရှစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့်စစ်ဆေးခြင်း(CT scan) ၃၃ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါ ရှာဖွေခြင်း ၁၄၈ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၃၉ဝ၊ သွေးချိုဓာတ် (Hb A1C) တိုင်းတာခြင်း ၆၆ ဦး၊ H.pylori test ၁၂ ဦး၊ RBS ၂၅ဝ၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)ဖြင့် ရောဂါရှာဖွေခြင်း ၁၄၆ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) ၂၉၁ ဦးတို့ကို ဆောင်ရွက်နိုင်သည်။

 

လာရောက်ပြသသော လူနာများတွင် မော်လမြိုင်မြို့နယ်သာမက မွန်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁ဝ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှု ဆက်လက် ဆောင်ရွက်ရန် လိုအပ်သောလူနာ ၁၁၁ ဦးကို သက်ဆိုင်ရာ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးနိုင်ခဲ့သည်။

 

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများသို့လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ခရိုင်/ မြို့နယ်များသို့လည်းကောင်း ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ အထူးကုဆေးကုသရေး အစီအစဉ်များကို အခြားမြို့နယ်များတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.