မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်



(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

 

ယမန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်အထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး နေပြည်တော်တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ နေပြည်တော်(ပုဗ္ဗသီရိမြို့နယ်)တွင် ၄.၀၆ လက်မ၊ နေပြည်တော်(ဥတ္တရသီရိမြို့နယ်)တွင် ၃.၁၅ လက်မ၊ လယ်ဝေးမြို့နှင့် နေပြည်တော်(ဒက္ခိဏသီရိမြို့နယ်)တို့တွင် ၃.၀၇ လက်မစီ၊ နေပြည်တော် (ဇေယျာသီရိမြို့နယ်)နှင့် ဖောင်းပြင်မြို့တို့တွင် ၂.၈၈ လက်မစီ၊ ပျဉ်းမနားမြို့တွင် ၂.၈၀ လက်မ၊ ဟုမ္မလင်းမြို့တွင် ၂.၂၀ လက်မ၊ နေပြည်တော်(ဇမ္ဗူသီရိမြို့နယ်)တွင် ၂.၁၃ လက်မ၊ မဒေါက်မြို့တွင် ၂.၁၀ လက်မ၊ သံတောင်ကြီးမြို့တွင် ၂.၀၄ လက်မနှင့် ထားဝယ်မြို့တွင် ၁.၈၅ လက်မတို့ ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဂျက်ခမ်းပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ခဲ့သော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း တဖြည်းဖြည်းအားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

 

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

 

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်။

 

Crd> မိုး/ဇလ






No comments

Powered by Blogger.