ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးဧရိယာတွင် ရှားပါးမျိုးစိတ်ဖြစ်သည့် ကြိုးကြာငှက်အသိုက်ကို ၂၀၂၆ ခုနှစ်အတွက် ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့

 



ရန်ကုန် ဇူလိုင် ၉


ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာတွင် ရှားပါးမျိုးစိတ်ဖြစ်သည့် ကြိုးကြာငှက်အသိုက်ကို ၂၀၂၆ ခုနှစ်အတွက် ပထမဆုံးအကြိမ် အနေဖြင့် ဇူလိုင် ၈ ရက်တွင် စတင်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။


ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (KT-CCA)သည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကြိုးကြာ ငှက်အသိုက်စာရင်းများကို နှစ်စဉ် ကောက်ယူလျက်ရှိသည်။ အဆိုပါ ငှက်များသည် မိုးရာသီတွင် အသိုက်ဆောက်လုပ်ပြီးစီးပါက ဥဥခြင်းကို စတင်ကာ ဥတစ်လုံးမှ နှစ်လုံးအထိ ဥလေ့ရှိပြီး တစ်နှစ် လျှင် တစ်ကြိမ်သာ သားပေါက် လေ့ရှိကြောင်း သိရသည်။


KT-CCA အနေဖြင့် ဇီဝမျိုးစုံ ထိန်းသိမ်းရေးကို လုပ်ဆောင်လျက်ရှိပြီး မျိုးသုဉ်းရန်အန္တရာယ် ရှိသည့် ငှက်များ၊ ရှားပါးငှက်မျိုး စိတ်များနှင့် ဌာနေငှက်များ အပါအဝင် လက်ရှိတွင် ငှက်မျိုး စိတ် ၁၀၀ ခန့် ကျုံကပြင်- တက်ဆိပ် သားငှက်ထိန်းသိမ်းရေးဧရိယာအတွင်း ကျက်စားလျက် ရှိကြောင်း သိရသည်။


KT-CCA သည် ဒေသခံများ ကိုယ်တိုင်ဦးဆောင်၍ ဇီဝမျိုးစုံ မျိုးကွဲ စောင့်ကြည့်ရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းနှင့် ရေရှည် တည်တံ့သော သယံဇာတထုတ်ယူ သုံးစွဲနိုင်ရေး နည်းပညာပေး လုပ်ငန်းများကို ဆက်စပ်အဖွဲ့ အစည်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့အပြင် ဒေသခံများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်ရန် ကျုံကပြင်- တက်ဆိပ် သားငှက်ထိန်း‌‌သိမ်းရေး နယ်မြေတွင် ဇီဝမျိုးစုံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်၍ ငှက်လာရောက်ကြည့်ရှုနိုင်သည့် အစီအစဉ်ကို ဖော်ဆောင်ထား ကြောင်းလည်း သိရသည်။


MT

No comments

Powered by Blogger.