ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါးဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်



ပွင့်ဖြူ     ဇူလိုင်     ၂၈

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါးဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၁၂၂၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို ယခုနှစ် ဇွန်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၀၄ ဒသမ ၀၆ တင်း ထွက်ရှိကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၁၂၂၀၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေအားလုံး လက်ရှိမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ စပါးစိုက်ပျိုးတဲ့အချိန်မှာလဲ တောင်သူတွေ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင်၊ အထွက်နှုန်းတွေ ကောင်းမွန်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်တွေနဲ့ သွင်းအားစုတွေကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် နွေစပါးစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စပါးသီးနှံ အရည်အသွေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးခြင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေး အသိပညာပေးခြင်း၊ သီးနှံများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ရိတ်သိမ်းပြီးစပါးများ အမိုးအကာအောက် အချိန်မီရောက်ရှိရေးနှင့် စနစ်တကျ သိုလှောင်သိမ်းဆည်းတတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

စပါးကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက်ဖြစ်သော ဝယ်လိုအား မျှတလာပါက ကုန်ဈေးနှုန်းတည်ငြိမ်၍ လူမှုစီးပွားဘဝများလည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

No comments

Powered by Blogger.