ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်တွင် ငါး၊ ပုစွန် အထိအမိကောင်းမွန်မှုကြောင့် စားသုံးသူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရရှိ
ရန်ကုန် ဇူလိုင် ၁၄
မြန်မာ့ပင်လယ်ပြင်၌ ငါးဖမ်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ငါးဖမ်းစက်လှေများသည် ငါး၊ ပုစွန်ဖမ်းဆီးရာ၌ အထိအမိကောင်းမွန်မှုကြောင့် စားသုံးသူပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရရှိလျက်ရှိကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးချ ဆိပ်ကမ်းမှ သိရသည်။
“ဒီနေ့ဆိုရင် ဆိပ်ကမ်းကို ငါးစက်လှေ ဝင်ရောက်တာ ခြောက်ကြိမ်ရှိပါပြီ။ ငါးဖမ်းရာသီစဖွင့်ချိန်မှာ အထိအမိကောင်းပြီး ငါး၊ ပုစွန် ဝင်ရောက် မှုများတဲ့အတွက် ဈေးကျတယ်။ စားသုံးသူတွေ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်တယ်။ ပင်လယ်ပြင်မှာ ငါးကြီးရရှိမှု နည်းနေတဲ့အတွက် ပြည်ပပို့ကုန်တော့ နည်းနေပါသေးတယ်” ဟု ကြည့်မြင်တိုင် ငါးချ ဆိပ်ကမ်းမှ ရေငန်ထွက်ကုန်လုပ်ငန်းရှင် ဒေါ်တင်နွယ်က ပြောသည်။
ငါးဖမ်းစက်လှေများအနေဖြင့် ပင်လယ်ပြင်သို့ ဇွန် ၁၅ ရက်တွင် စတင်ထွက်ခွာကြပြီး ရန်ကုန်မြို့ရှိ ငါးချဆိပ်ကမ်းများသို့ ရေထွက်ကုန်များ ဇူလိုင် ၁ ရက်တွင် စတင်ဝင်ရောက်မှုရှိကြောင်း အဆိုပါ ဆိပ်ကမ်းမှ သိရသည်။ “ဧပြီလကနေ ဇွန်လအထိ သုံးလပိတ်ထားပေမယ့် ရေလုပ်သား တွေရဲ့ အခက်အခဲကြောင့် ဇွန် ၁၅ ရက်မှာ ငါးဖမ်းရာသီ ပြန်ဖွင့်ပါတယ်။ မုန်တိုင်းရှိနေတော့ ရန်ကုန်တိုင်းဒေသကြီးက ငါးဖမ်းစက်လှေ ၁၀၀၀ လောက်မှာ ၃၀၀ လောက်ပဲ ထွက်နိုင်ပါသေးတယ်”ဟု ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတင်က ပြောသည်။
ဆိပ်ကမ်းသို့ ရွှေငါး၊ ငါးခေါင်းပွ၊ ငါးပလွေ၊ မီးလုံး၊ ပလာတူး၊ ငါးနှပ်၊ ငါးတံခွန်၊ ကုလားငူ၊ ငါးရောင်၊ လက်ဝါး၊ ဓားမတိုး၊ ပွဂျွန်၊ ဆီပလွေနှင့် အခြားငါးအသေးများ အများဆုံး ဝင်ရောက်ပြီး ငါးရွှေ၊ ခုံး၊ သင်ဝါ၊ ငါးကွမ်းရှပ်၊ ငါးမုတ်အဖြူ စသည့် ပြည်ပပို့ကုန် ရေထွက်ကုန်အနည်းငယ်သာ ဝင်ရောက်မှုရှိကြောင်း သိရသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ-ဇွဲမာန်
.jpg)
No comments