နိုင်ဂျီးရီးယားနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူ၂၀၀ နီးပါးသေဆုံး
ဇူလိုင် ၂၃
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်တွင် လွန်ခဲ့သော နှစ်လအတွင်း ကာလဝမ်းရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်းကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ဆေးဘက်ဆိုင်ရာပရဟိတအဖွဲ့ဖြစ်သည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။
ဘော်နိုပြည်နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့အထိ လူပေါင်း ၁၉၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး သံသယဖြစ်ဖွယ် ရောဂါကူးစက်မှုဖြစ်ပွားသူ ၃၅၅၀၀ ကျော် ရှိကြောင်း ဘော်နိုပြည်နယ်အစိုးရက ထုတ်ပြန်သည့် အချက်အလက်များကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ကိုးကားဖော်ပြခဲ့သည်။
အစိုးရကျန်းမာရေးအာဏာပိုင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကာလဝမ်းရောဂါဟု သံသယရှိသော လူနာ ၂၄၀၀၀ ကျော်ကို ကုသပေးခဲ့သည်ဟု ထိုအဖွဲ့က ပြောကြားခဲ့သည်။ ထိခိုက်ခံရသော လူမှုအသိုက်အဝန်းများတွင် သန့်ရှင်းသော သောက်သုံးရေ၊ မိလ္လာစနစ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ လုံလောက်စွာ မရရှိခြင်းကြောင့် ရောဂါဆက်လက်ပျံ့နှံ့နေခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ဆိုသည်။
ဧပြီလတွင် နိုင်ဂျီးရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့နှင့် ဆက်စပ်နေသော ကာလဝမ်းရောဂါဖြစ်ပွားမှုအန္တရာယ်နှင့်ပတ်သက်၍ ပြည်နယ် ၁၀ ခုတွင် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့သည်။
နိုင်ဂျီးရီးယားအစိုးရသည် ရောဂါဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရန် ဖြစ်စဉ်စီမံခန့်ခွဲမှုစနစ်ကို စတင်အသက်သွင်းထားပြီး ထိခိုက်ခံရသော ဒေသများသို့ ကျန်းမာရေးအဖွဲ့များကိုလည်း စေလွှတ်ထားသည်ဟု သိရသည်။
ညစ်ညမ်းသော အစားအစာ သို့မဟုတ် သောက်သုံးရေမှတစ်ဆင့် ကူးစက်သော ပြင်းထန်ဝမ်းလျှောရောဂါဖြစ်သည့် ကာလဝမ်းရောဂါသည် နိုင်ဂျီးရီးယားနိုင်ငံတွင် အထူးသဖြင့် ရေကြီးရေလျှံမှုဒဏ်ခံရသော ပြည်နယ်များနှင့် သန့်ရှင်းသောရေ၊ မိလ္လာစနစ်နှင့် အခြေခံအဆောက်အအုံ အားနည်းသော ဒေသများတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments