တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၇
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်
အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ
ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သက်တမ်းလွန်မော်တော်ကားနှင့်
ဆိုင်ကယ်များ ယာဉ်လိုင်စင်သက်တမ်း တိုးပေးနိုင်ရေး၊ ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများရရှိရေး၊
ပညာရေးဝန်ထမ်းများ ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရေး၊ မြို့နယ်၊ ရပ်ကွက်များတွင်
ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပေးနိုင်ရေး၊ လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့်
စပ်လျဉ်း၍ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်၏
ကယားပြည်နယ်အတွင်းရှိ (၅) နှစ်ကျော် သက်တမ်းလွန်မော်တော်ကားနှင့် ဆိုင်ကယ်တို့အား ယာဉ်လိုင်စင်သက်တမ်းပြန်လည်တိုးပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက
ပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်
မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂ဝ၂၀ ပြည့်နှစ်)၊ ပုဒ်မ ၃၁ (က) ပုဒ်မခွဲ ၃ အရ မော်တော်ယာဉ်မှတ်ပုံတင်
သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းတိုး မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန် တစ်ဆက်တည်း (၅)
နှစ်ပျက်ကွက်ပါက မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည်ဟု ဖော်ပြပါရှိသော်လည်း
နယ်မြေဒေသအခြေအနေများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် မှတ်ပုံတင်သက်တမ်းကျော်လွန်နေသော
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြန်လည်လျှောက်ထားမည်ဆိုပါက ယာဉ်ပိုင်ရှင်အနေဖြင့်
စစ်ဘေးရှောင်နေထိုင်ခဲ့သည့် ဒေသရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ခိုင်လုံသည့် ဧည့်စာရင်းထောက်ခံချက်၊
မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်အား အမှန်တကယ်ပိုင်ဆိုင်မှု ဖြစ်သည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊
မှတ်ပုံတင်သက်သေခံလက်မှတ်တို့ တင်ပြစေ၍ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်အား စစ်ဆေးပြီး
ယာဉ်နှင့် ယာဉ်မှတ်တမ်းမှန်ကန်မှုရှိပါက ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ မှတ်ပုံတင်ထားသည့်
မော်တော်ယာဉ်စီးရေ ၂၇၅၅ စီး၊ မော်တော်ဆိုင်ကယ်စီးရေ ၂၉၆၆၅ စီး၊ စုစုပေါင်း အစီး ၃၂၄၂၀
အနက် (၅) နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား အထက်ဖော်ပြပါအထောက်အထားများ
တင်ပြလာပါက ပြည်သူများအဆင်ပြေစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက် ပြန်လည်မှတ်ပုံတင်
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် မှတ်ပုံတင်သက်တမ်း (၅) နှစ်ကျော်လွန်မှုမရှိသေးသည့်
ယာဉ်များကိုလည်း သက်တမ်းလွန် မဖြစ်စေရေးအတွက် ယာဉ်ဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
ပြည်နယ်ရုံး (လွိုင်ကော်) ရုံးသို့ မှတ်ပုံတင်လုပ်ငန်းလာရောက်ဆောင်ရွက်ရန်အတွက် ခက်ခဲသောမြို့နယ်များအနေဖြင့်
သက်ဆိုင်ရာမြို့နယ်များရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီများက
သက်တမ်းတိုးလိုသော မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်
မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင်သက်သေခံလက်မှတ်တို့ကို စုစည်း၍ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ရုံး (လွိုင်ကော်) သို့ ပေးပို့လာပါက အထူးကိစ္စတစ်ရပ်အနေဖြင့်
သက်တမ်းတိုးခြင်းအား ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း
ဖြေကြားသည်။
လဟယ်မဲဆန္ဒနယ်မှ ဦးမဇိုးလောင်ဝီး၏ လဟယ်မြို့နယ်တွင်
ဆက်သွယ်ရေးဖုန်းလိုင်းများ အချိန်ပြည့်ရရှိရေး၊ အင်တာနက်လိုင်းများ ပြန်လည်ရရှိရေးနှင့်
နည်းပညာကျွမ်းကျင်သည့် ဆက်သွယ်ရေးတာဝန်ခံ တစ်ဦး ခန့်အပ်ပေးရေးသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လဟယ်မြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
မိုဘိုင်းစခန်း (၃) ခုနှင့် ATOM Myanmar Limited မှ မိုဘိုင်းစခန်း (၁) ခု၊ စုစုပေါင်း
မိုဘိုင်းစခန်း (၄) ခု တည်ဆောက်ထားရှိပြီး အဆိုပါမိုဘိုင်းဆက်သွယ်ရေးစခန်းများအား မိုက္ကရိုဝေ့ဖ်
အဝေးဆက်ကြောင်းဖြင့် ချိတ်ဆက်၍လည်းကောင်း၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် ချိတ်ဆက်၍ လည်းကောင်း၊
အများပြည်သူ မိုဘိုင်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများရရှိအောင် ဆောင်ရွက်ပေးထားခဲ့ပါကြောင်း။
ကလေး-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး-လဟယ်
မိုက္ကရိုဝေ့ဖ်အဝေးဆက်ကြောင်းရှိ ခမ်းပတ်နှင့် ဖောင်းပြင် မိုက္ကရိုဝေ့ဖ်စခန်းများတွင်
ဒေသတွင်းတိုက်ပွဲများကြောင့် ဆက်သွယ်ရေးဆက်ကြောင်း ပြတ်တောက်လျက်ရှိပြီး ဖုန်းလိုင်းများနှင့်
အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ရပါကြောင်း။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လဟယ်မြို့နယ်အတွင်း နေထိုင်ကြသော အများပြည်သူများ ဆက်သွယ်ရေးကွန်ရက်
ယာယီရရှိစေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ATOM Myanmar Limited မိုဘိုင်းစခန်း
(၃) ခုအား ဂြိုဟ်တုဆက်သွယ်ရေးစနစ် 1.2 meter Ku-Band ဖြင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပါကြောင်း၊
ထိုသို့ချိတ်ဆက်ထားခြင်းဖြင့် ဖုန်းခေါ်ဆိုမှု (အသံ) နှင့် စာတိုပေးပို့မှုဝန်ဆောင်မှုများကို
(၂၄) နာရီရရှိအောင် ဆောင်ရွက်ပေးထားပါကြောင်း၊ သို့ရာတွင် Satellite နည်းပညာပိုင်းဆိုင်ရာ
ကန့်သတ်ချက်များကြောင့် မိုဘိုင်းအင်တာနက်ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ
လဟယ်မြို့တွင် သတ်မှတ်ထားသည့်နေရာ၌ အင်တာနက်စနစ် ရရှိသုံးစွဲနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
လက်ရှိတပ်ဆင်ထားသည့် 1.2 meter Ku-Band VSAT-2 အပြင် 2.4 meter C-Band VSAT-2 စနစ်ဖြင့်
ထပ်မံတပ်ဆင်နိုင်ရန်အတွက် စက်ပစ္စည်းများအား အမြန်ဆုံးရောက်ရှိရန် ပို့ဆောင်လျက်ရှိပါကြောင်း၊
Satellite စက်ပစ္စည်းများရောက်ရှိပါက အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်
လဟယ်မြို့နယ်ရှိ မိုဘိုင်းစခန်းများ၏ လုပ်ငန်းများ ကြီးကြပ်နိုင်ရန် လဟယ်မြို့နယ် ထန်ပါခွေမိုဘိုင်းစခန်းတွင်
ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး (စက်မှု) အမှုထမ်းတစ်ဦးနှင့် လဟယ်မိုဘိုင်းစခန်းတွင်
ယာယီနေ့စား ဝန်ထမ်းတစ်ဦး ခန့်အပ်ထားရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး မန်နေဂျာ၏ဦးဆောင်မှုဖြင့်
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နည်းပညာကျွမ်းကျင်ပြီး
လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်မည့် ဒုတိယကြီးကြပ်ရေးမှူး (စက်မှု) ဝန်ထမ်းတစ်ဦးကို
ထပ်မံရွေးချယ်၍ ဌာနတွင်း လုပ်ငန်းစဉ်များဆောင်ရွက်ကာ လဟယ်မြို့သို့ ပြောင်းရွှေ့ တာဝန်ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
ATOM Myanmar Limited အနေဖြင့် လဟယ်မြို့တွင်
မိုဘိုင်းစခန်း (၁) ခုကိုသာ တည်ဆောက်တပ်ဆင်ထားရှိသဖြင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များရှိလာပါက
တာဝန်ခံ (၁) ဦးအား အမြဲတမ်းခန့်ထားနိုင်ခြင်းမရှိသော်လည်း ခန္တီးမြို့နယ်ရှိ နည်းပညာအဖွဲ့မှ
အဆိုပါမိုဘိုင်းစခန်းအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား
အချိန်နှင့်တစ်ပြေးညီ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ
ဒေါ်စမ်းစမ်းဌေး၏ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ထိုက်သင့်သော ချီးမြှင့်ငွေ သို့မဟုတ်
လစာတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို
သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးရာတွင်
ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများကိုသာ သီးခြားတိုးမြှင့်ပေးလျက်မရှိဘဲ ဌာန၊ အဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများအပါအဝင် ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက်
တိုးမြှင့်ပေးသည့် မူဝါဒကို ကျင့်သုံးလျက်ရှိပါကြောင်း။
နိုင်ငံတော်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊
ကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ကျောင်းအုပ်ကြီးများအတွက်
၎င်းတို့၏ ရာထူးအဆင့်အလိုက် ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် လစဉ်အုပ်ချုပ်မှု စရိတ်ကိုလည်းကောင်း၊
ပညာရေးဝန်ထမ်း သင်ကြားရေးဆရာ၊ ဆရာမများအတွက် အမြင့်ဆုံးရရှိသည့် ဘွဲ့အလိုက် လစဉ်ချီးမြှင့်ငွေများကို
ပါရဂူဘွဲ့ရရှိသူ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀၊ မဟာဒဿန/ မဟာဘွဲ့/ မဟာသုတေသနရရှိသူ တစ်ဦးလျှင်
ငွေကျပ် ၂၅၀၀၀၊ ဘွဲ့လွန်ဒီပလိုမာရရှိသူ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ တို့ဖြင့် လစဉ်ချီးမြှင့်ငွေများပေးအပ်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအပါအဝင် ဌာန၊ အဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာ၊
လစဉ်အပိုထောက်ပံ့ကြေး၊ တစ်နှစ်လျှင်တစ်ကြိမ်ခံစားခွင့်ရှိသည့် ဝတ်စုံစရိတ်၊ အခမဲ့အိမ်ရာတွင်
နေထိုင်ခွင့်မရရှိဘဲ မိမိအစီအစဉ်ဖြင့် နေထိုင်ရသည့် ဝန်ထမ်းများအတွက် သတ်မှတ်ချက်နှင့်အညီ
ခံစားခွင့်ရှိသည့် အိမ်ငှားစရိတ်၊ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်
နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်၊ တာဝန်ဖြင့် ခရီးသွားလာခြင်းအတွက် ခရီးသွားနေ့တွက်စရိတ်၊
အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်နှင့် ရာထူးအဆင့်အလိုက် သတ်မှတ်ထားရှိသည့် တည်းခိုစရိတ်တို့ကိုလည်း
ခံစားခွင့်ရှိသည့်အပြင် ပညာရေးကဏ္ဍရှိသင်ကြားရေးပိုင်းတွင် တာဝန်ယူဆောင်ရွက်နေကြသည့်
ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် သတ်မှတ်နှုန်းထားများဖြင့် လစဉ်ချီးမြှင့်ငွေပေးအပ်လျက်ရှိပါကြောင်း၊
သို့ဖြစ်၍ နိုင်ငံတော်အစိုးရမှ လတ်တလောတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ထိုက်သင့်သော
ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးနိုင်ရေး အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
အင်းစိန်မဲဆန္ဒနယ်မှ ဦးငြိမ်းထွေး၏
အင်းစိန်မြို့နယ်၊ ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင်
မည်သို့စီမံဆောင်ရွက်မည်နှင့် အခြားနည်းဖြင့် ဆောင်ရွက်သွားမည့် အစီအမံ ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍
နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အင်းစိန်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ရက်
(၁၀၀) စီမံချက်ဖြင့် ကသွယ်ချောင်း (အကျဉ်းဦးစီးဝင်းအတွင်း နှင့် CID ဝင်းအတွင်း)၊ ပေါက်တောချောင်း၊
အောင်သိဒ္ဓိချောင်း၊ ရိုးကြီးချောင်း၊ မဟာသုခိတာလမ်း၊ သီရိမင်္ဂလာလမ်း၊ ပြည်လမ်း၊ လမ်းသစ်လမ်း၊
အောက်မင်္ဂလာဒုံလမ်းများအား စက်ယန္တရားများနှင့် လုပ်သားအင်အားများ အသုံးပြု၍ ရှင်းလင်းပေးလျက်ရှိပြီး
ရွာမချောင်း၊ ကန်ဦးရိုးချောင်း၊ ရိုးကြီးချောင်းများကိုလည်း ရှင်းလင်းထားရှိပြီးဖြစ်ပါကြောင်း၊
ထို့ပြင် အောက်မင်္ဂလာဒုံလမ်း (ဒညင်းကုန်းလမ်းဆုံနှင့် ကန်ဦးရိုးချောင်းကြား) တွင်
ငွေကျပ် ၂၅၄ ဒသမ ၄၇၉ သန်းဖြင့် အုတ်ရေမြောင်း ပေ ၁၁၃၀ နှင့် Box Culvert (၂) လုံး၊
ပုလဲလမ်း (ရွာမ CNG Gas ဆိုင်နှင့် မကျည်းပင်ရိုးချောင်းကြား) တွင် ငွေကျပ် ၂၁၈ ဒသမ
၃၂၂ သန်းဖြင့် အုတ်ရေမြောင်း ၈၉၅ ပေနှင့် Box Culvert (၂) လုံး၊ သီရိမင်္ဂလာလမ်း (မြို့တော်ဂေါက်ကွင်းနှင့်
သီရိမင်္ဂလာ (၁၁) လမ်းကြား) တွင် ငွေကျပ် ၂၃၀ ဒသမ ၄၈၇ သန်းဖြင့် အုတ်ရေမြောင်း ပေ ၁၅ဝဝ
နှင့် Box Culvert (၃) လုံး၊ အုတ်ရေမြောင်း အရှည်စုစုပေါင်း ၃၅၂၅ ပေ နှင့် Box
Culvert (၇)လုံး တည်ဆောက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင်လည်း အင်းစိန်မြို့နယ်အတွင်း
ရေစီးရေလာကောင်းမွန်စေရေး ချောင်းကြီး၊ မြောင်းကြီးများ၊ ရေမြောင်းများတူးဖော်ရှင်းလင်းပေးခြင်းများအပြင်
ရေစီးရေလာအခြေခံ အဆောက်အအုံများဖြစ်သည့် အုတ်ရေမြောင်း၊ Box Culvert နှင့် မြေထိန်းနံရံများ
ပြုလုပ်ပေးခြင်းများကိုလည်း ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးသွားမည်
ဖြစ်ပါကြောင်း ဖြေကြားသည်။
ရွှေတောင်မဲဆန္ဒနယ်မှ ဦးတင်ရွှေ၏ ရွှေတောင်မြို့နယ်ရှိ
ညံတော်ကြီးကျေးရွာနှင့် ညံကံကြီးကျေးရွာ ပေါင်းချုပ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် အင်္ငူ - ပေါင်းချုပ်
- ညံတောကြီး - ညံကံကြီးလမ်းသည် လမ်းအရှည် ၂ မိုင် ၂ ဖာလုံတွင် ရွာတွင်းလမ်း ၁ မိုင်၊
ရွာချင်းဆက်လမ်း ၁ မိုင် ၂ ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းကို အင်္ငူ၊ ပေါင်းချုပ်၊
ညံတောကြီး၊ ညံကံကြီး စုစုပေါင်း ၄ ရွာမှ ပြည်သူများ သွားလာအသုံးပြုကြသည့်လမ်းဖြစ်ပါကြောင်း၊
ကျေးရွာချင်းဆက်လမ်း ၁ မိုင် ၂ ဖာလုံသည် အကျယ် ၇ ပေခန့်သာရှိသော မြေသားလမ်းဖြစ်ပြီး
ရွာတွင်းလမ်းထက် လမ်း Level နိမ့်နေသောကြောင့် လိုအပ်သော လမ်းအကျယ်နှင့် လမ်း
Level ရရှိအောင် မြေသားတာပေါင်ချဲ့ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု
အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ်
ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ရာ မြေသားလမ်း ၁ မိုင် ၂ ဖာလုံအား မြေသားတာပေါင်ချဲ့ခြင်းနှင့်
မြေနီခင်းခြင်းလုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီးရန်ပုံငွေဖြင့်
လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
ဓနုဖြူမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏ ဓနုဖြူမြို့နယ်ရှိ
ဆကာကြီးကျေးရွာမှ သဲဖြူကျေးရွာ မဲဇလီတံတားထိပ်အထိ ကွန်ကရစ်လမ်းပိုင်းအား အဆင့်မြှင့်တင်ပေးနိုင်ခြင်း
အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဓနုဖြူမြို့နယ်
ဆကာကြီးကျေးရွာမှ သဲဖြူကျေးရွာ မဲဇလီတံတားထိပ်အထိ လမ်းသည် တိုင်းဒေသကြီးမှစီမံခန့်ခွဲသော
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆကာကြီးမြို့နှင့်
ရန်ကုန်တိုင်းဒေသကြီး အဖျောက်မြို့ကို တိုက်ရိုက်ချိတ်ဆက်ထားသော တိုင်းချင်းဆက်ကျေးလက်လမ်းဖြစ်ပါကြောင်း။
ဆကာကြီးကျေးရွာမှ မဲဇလီတံတားထိပ်အထိ
အရှည် (၄) မိုင်တွင် ဆကာကြီးမှ အင်းတာကလေး လမ်းပိုင်း (၁) မိုင်သည် ကောင်းမွန်ပြီး
ကျန်လမ်းပိုင်း (၃) မိုင်မှာ ပျက်စီးလျက်ရှိပါကြောင်း၊ အင်းတာကလေးမှ အင်းတာကြီးကြား
ကွန်ကရစ်ခင်းခြင်း (၂) ဖာလုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျန်လမ်းပိုင်း ၂ မိုင် ၆ ဖာလုံအား
သွားလာရေး အဆင်ပြေစေရန်အတွက် အပိုင်းလိုက် ချောင်းသဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက
ခန့်မှန်းငွေကျပ် သန်း ၉၆ ဒသမ ၈၀၀ ကုန်ကျမည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း
ရန်ပုံငွေအကန့်အသတ် ဘောင်အတွင်းမှလည်းကောင်း၊ ထပ်မံလိုအပ်ပါက ကျန်လမ်းပိုင်းများအား
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းမှလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
ဖြေကြားသည်။
ဇလွန်မဲဆန္ဒနယ်မှ ဦးလှခိုင်၏ ဇလွန်မြို့နယ်
ထုံတပို - ရေလဲ - မြစ်ဝ -ရေတွင်းကုန်း- အထွဋ်လမ်းအား ၂ဝ၂၉-၂ဝ၃ဝ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်ရေးအတွက်
ဆောင်ရွက်နိုင်ခြင်းအစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးတပို - ရေလဲ - မြစ်ဝ-ရေတွင်းကုန်း - အထွဋ်လမ်းသည်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်ပြီး
ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class (C) အဆင့်လမ်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု
အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ရာသီမရွေးသွားလာနိုင်သည့်လမ်းအဖြစ်
ဦးစားပေးဆောင်ရွက်လျက်ရှိရာ အဆိုပါမြေသားလမ်း (၁၁) မိုင်အနက် (၂) မိုင်အား မြေနီကျောက်စရစ်ခင်းခြင်းကို
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်
လျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
၃၀ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ဇူလိုင် ၂၈ ရက်တွင်
ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments