မွန်ဂိုလီးယားနိုင်ငံ၌ ကမ္ဘာ့အမွေအနှစ်နေရာ စုစုပေါင်းခုနစ်ခုရှိလာ
ဇူလိုင်
၂၈
မွန်ဂိုလီးယားနိုင်ငံရှိ
ရှီယွန်နူမင်းမျိုးနွယ်ဝင်များ၏သင်္ချိုင်းအစုအဝေးများကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင်
တရားဝင်ထည့်သွင်းအသိအမှတ်ပြုခဲ့ကြောင်း ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းနှင့်
လူငယ်ရေးရာဝန်ကြီးဌာန၏ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း သတင်းမီဒီယာများက ယမန်နေ့က
ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ
ဘူဆန်မြို့တွင် ဇူလိုင်လ ၁၉ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ကမ္ဘာ့အမွေအနှစ်ကော်မတီ၏
၄၈ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကမ္ပည်းစာကို အတည်ပြုခဲ့ရာ ကမ္ဘာ့အမွေအနှစ်နေရာ
စုစုပေါင်း ခုနစ်ခုအထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အသစ်စာရင်းဝင်သောနေရာသည်
ရှီယွန်နူမင်းမျိုးနွယ်ဝင်များ၏ သင်္ချိုင်းအစုအဝေး ရှစ်ခု ပါဝင်သည်။ ရှီယွန်နူတို့သည်
ဘီစီ ၃ ရာစုမှ အေဒီ ၂ ရာစုအတွင်း ယနေ့မွန်ဂိုလီးယားကို ဗဟိုပြု၍ အင်အားကြီး အင်ပါယာတစ်ခုတည်ထောင်ခဲ့သည့်
ရှေးဟောင်းလှည့်လည်နေထိုင်သော လူမျိုးစုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏သင်္ချိုင်းများမှ
ထိုခေတ်၏လူမှုဖွဲ့စည်းပုံ၊ ယဉ်ကျေးမှုနှင့် အသုဘအခမ်းအနားများအကြောင်း အရေးပါသော သမိုင်းအထောက်အထားများကို
လေ့လာနိုင်သည်ဟု ယူနက်စကိုက ဖော်ပြထားသည်။
သင်္ချိုင်းများအတွင်းမှ
မြင်းအသုံးအဆောင်ပစ္စည်းများ၊ မြင်းလှည်းများ၊ လက်နက်များ၊ လုပ်ငန်းသုံးကိရိယာများနှင့်
နောင်ဘဝအတွက်ရည်ရွယ်၍ ထည့်သွင်းမြှုပ်နှံထားသောအစားအစာများ အပါအဝင် ရှေးဟောင်းပစ္စည်းမျိုးစုံကိုတွေ့ရှိခဲ့ရာ
ထိုပစ္စည်းများကို ရှီယွန်နူလူမျိုးတို့၏ လူနေမှုပုံစံ၊ ယဉ်ကျေးမှုနှင့် လူမှုဖွဲ့စည်းပုံကို
လေ့လာနားလည်နိုင်ရန် အရေးပါသောအထောက်အထားများအဖြစ် မှတ်ယူကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments