ပါကစ္စတန်နိုင်ငံ ကျူရှင်ကျောင်းအမိုးပြိုကျမှုကြောင့် ကလေး ၁၄ ဦး သေဆုံး
ဇူလိုင်
၂
ပါကစ္စတန်နိုင်ငံ
အရှေ့ပိုင်း လာဟိုးမြို့တွင် ဇွန် ၃၀ ရက်က ပုဂ္ဂလိက ကျူရှင်ကျောင်းတစ်ခု၏ အမိုးပြိုကျမှု
ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၄ ဦး ထက်မနည်းသေဆုံးပြီး အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း
ကယ်ဆယ်ရေးတာဝန်ရှိသူများက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည်
ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်း လာဟိုးမြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ကာနာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကလေးများ ကျူရှင်သင်တန်းများတက်ရောက်နေစဉ် စာသင်ခန်းအမိုး ရုတ်တရက်ပြိုကျပြီး အပျက်အစီးများအောက်တွင်
ကျောင်းသားများပိတ်မိနေသည်ဟု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ၁၁၂၂ ၏ ပြောရေးဆိုခွင့်ရှိသူ
ဖာရွတ်အာမက်က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအရာရှိက
ယင်းဖြစ်ရပ်တွင် ကလေး ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသော ကလေး ၁၀ ဦးခန့်သည် စိုးရိမ်ရသည့်အခြေအနေတွင်
ရှိနေကြောင်းနှင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက
အဆောက်အအုံဆောက်လုပ်ခဲ့သော ကန်ထရိုက်တာအား ဖမ်းဆီးထားကြောင်းနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုကို
ဆောက်လုပ်ဆဲဖြစ်ပြီး အမိုးပြိုကျချိန်တွင် အလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း
လာဟိုးမြို့ရှိ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဖိုင်ဆယ် ကမ်ရန်က မီဒီယာများအား ပြောကြားခဲ့သည်။
ပါကစ္စတန်ဝန်ကြီးချုပ်
ရှက်ဘတ်ဇ် ရှာရစ်ဖ်က လူငယ်များ၏အသက်ဆုံးရှုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး
မိသားစုများနှင့်ထပ်တူဝမ်းနည်းကြောင်းပြောကြားကာ ဒဏ်ရာ ရရှိသူများ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန်ဆုတောင်းပေးခဲ့သည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments