မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဂန္ဓကုဋိတိုက်ဘုရားကျောင်းတော် အသစ်တဖန်ဆောက်လုပ်လှူဒါန်းခြင်း ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
မန္တလေး ဇူလိုင် ၁၄
အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဂန္ဓကုဋိတိုက် ဘုရားကျောင်းတော်အား အသစ်တဖန် ဆောက်လုပ်လှူဒါန်းခြင်း ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာဂန္ဓာရုံကျောင်းတိုက် အတွင်းရှိ အဆိုပါ ဂန္ဓကုဋိတိုက်ဘုရားကျောင်းတော်၌ ကျင်းပသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်များက ဂန္ဓကုဋိ ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား အနေကဇာတင် ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ သီတဂူ ကမ္ဘာ့တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများထံ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဂန္ဓကုဋိဘုရားကျောင်းတော် လှူဒါန်းခြင်း မော်ကွန်းကမ္ပည်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments