မြဝတီမြို့နယ်၌ ပြည်ဝင်ခရီးသွားစစ်တမ်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်

 


မြဝတီ ဇူလိုင် ၁၅

 

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း- မြန်မာချစ်ကြည်ရေး အမှတ် (၁) တံတား၌ ဇူလိုင် ၁၃ ရက်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆-ခုနှစ်အတွင်း ပြည်ဝင်ခရီးသွားဧည့်သည်များ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို သိရှိစေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း (Inbound Tourism Survey- 2026) ပထမအကြိမ် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးလွင်၊ ခရိင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မိုးကျော်ဟိန်း၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ဂိတ်ရှိသည့် မြဝတီမြို့တွင် ပြည်ဝင်ခရီးသွားဧည့်သည်များ၏ ခရီးသွားလာမှုအနေအထားများ၊ မြန်မာနိုင်ငံသို့ လည်ပတ်ရခြင်းရည်ရွယ်ချက်၊ နေထိုင်မှုကာလ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် ဟိုတယ်များတွင်တည်းခိုသော ပြည်ဝင်ခရီးသွားများထံမှ QR Code ဖြင့် Online Survey ကောက်ယူခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြသည်။

 

ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြဝတီရုံးခွဲမှ ထိုင်း - ​မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) နယ်စပ်ဂိတ်တွင် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ ထိုင်းဘာသာ Form ဖြင့် ပြည်ဝင်ခရီး သွားစစ်တမ်း-၂၀၂၆ ပထမအကြိမ် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments

Powered by Blogger.