အနီးစခန်းလေဆိပ် ဖွင့်လှစ်ခဲ့သည့်အတွက် ပွင့်လင်းရာသီတွင် ပြင်ဦးလွင်သို့ ခရီးသွား ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထား
ရန်ကုန် ဇူလိုင် ၁၂
အနီးစခန်းလေဆိပ် ဖွင့်လှစ်ခဲ့သည့်အတွက်
လာမည့်ပွင့်လင်းရာသီတွင် ပြင်ဦးလွင်သို့ ခရီးသွား ပိုမိုဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း
ပြင်ဦးလွင် ဒီဇင်ဘာပန်းခြံ တာဝန်ခံ၏ ပြောကြားချက်အရ သိရသည်။
“အနီးစခန်းလေဆိပ်ကို ဖွင့်လှစ်ပြီးသွားပြီ
ဖြစ်တဲ့အတွက် ပြင်ဦးလွင်ဒေသရဲ့ စီးပွားရေး တိုးတက်ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။
ပြင်ဦးလွင်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်အပါအဝင် ပွင့်လင်းရာသီမှာ ခရီးသွားတွေများတယ်။
ရုံးပိတ်ရက်တွေရှိရင် ခရီးသွား မပြတ်ပါဘူး။ ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။
ကော်ဖီဆိုင်နဲ့ ဒေသအစား အစာတွေက နိုင်ငံခြားခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။
လေကြောင်းခရီးစဉ်နဲ့ပါ လာရောက်နိုင်တဲ့အတွက် မြို့ရဲ့ ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍနဲ့
လူမှုရေးကဏ္ဍတွေ တိုးတက် ပြောင်းလဲလာမယ့်အပေါ် အားလုံးက ဝမ်းမြောက်ဝမ်းသာကြိုဆိုနေကြပါတယ်”ဟု ပြင်ဦးလွင်မြို့ ဒီဇင်ဘာပန်းခြံ တာဝန်ခံ
ဒေါ်လှလှက ပြောသည်။
လာမည့် ပွင့်လင်းရာသီတွင် ခရီးသွားများ
ပိုမိုလာရောက်နိုင်သည့်အတွက် နေရာအလိုက် ပိုမိုစည်ကားလှပရန် ကြိုတင်ပြင်ဆင်မှုများ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ပန်းခြံမှာ ပန်းမျိုးစိတ်ပေါင်း
၃၀ ကျော် စိုက်ပျိုးထားပြီး ပွင့်လင်းခရီးသွားရာသီအတွက် အဘက်ဘက်က ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်။
ပန်းခင်းတွေ၊ လူငယ်တွေ ဓာတ်ပုံရိုက်လို့ရတဲ့ နေရာတွေတိုးချဲ့ပြီး လုပ်ဆောင်နေပါတယ်။
ခရီးသွားတွေက ရောင်စုံပန်းခင်းနဲ့ ရေတံခွန်ကို ပိုပြီး နှစ်ခြိုက်ကြတယ်၊ လာရောက်လည်ပတ်တဲ့သူ
၁၀ ဦးမှာ ကိုးဦးက အဲဒီနေရာကို လည်ပတ်တာများပါတယ်”ဟု ပြင်ဦးလွင် ရေတံခွန်ပန်းခြံတာဝန်ခံ
ဒေါ်ရွှေရည်ထွန်းက ပြောသည်။
ပြင်ဦးလွင်မြို့နှင့် အနီးတစ်ဝိုက်ရှိ
ပြည်ချစ်ဘုရား၊ နှီးဘုရား၊ ပိတ်ချင်းမြှောင်၊ တရုတ်ဘုံကျောင်း၊ ကန်တော်ကြီး၊ ပွဲကောက်ရေတံခွန်၊
အနီးစခန်းရေတံခွန်၊ ဒီးဒုတ်ရေတံခွန်၊ ဒီဇင်ဘာခြံ၊ နှင်းဆီခြံ၊ ပြင်ဦးလွင်ပန်းဈေး၊ ဂျပန်ရွာ၊
တိုင်းရင်းသားကျေးရွာ၊ ပြင်ဦးလွင်ဈေး၊ သုမင်္ဂလာဈေးဝယ်စင်တာ၊ ပြင်ဦးလွင်ဘူတာနှင့် ပြင်ဦးလွင်ပန်းဥယျာဉ်များကို
ခရီးသွားများ အများဆုံးလည်ပတ်လေ့ရှိပြီး ခရီးသွားများအကြိုက် အပန်းဖြေလည်ပတ်စရာနေရာများစွာ
ရှိသည့်အတွက် တောင်ပေါ်အပန်းဖြေမြို့ဟု ခရီးသွားများအကြား ထင်ရှားသည်။ ထို့ပြင် ပြည်တွင်း၊
ပြည်ပ ခရီးသွားများသည် နှစ်စဉ်ကျင်းပလေ့ရှိသည့် ပြင်ဦးလွင်ပန်းပွဲတော်ကို အထူးစိတ်ဝင်စားကြပြီး
ပန်းပွဲတော်ကျင်းပချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှုများကြောင်း သိရသည်။
ညိမ်းသူ - သတင်းစဉ်၊ ဓာတ်ပုံ - ကနူး၊

No comments