အင်ဒိုနီးရှားနိုင်ငံ၌ ၁၀ ရက်ကြာ မီးငြှိမ်းသတ်ရေးလုပ်ငန်းဆောင်ရွက်ပြီးနောက် ၂၈ ဟက်တာ ကျယ်ဝန်းသော သစ်တောနှင့် မြေယာမီးလောင်မှုကို အောင်မြင်စွာငြှိမ်းသတ်နိုင်
ဇူလိုင် ၁၆
အင်ဒိုနီးရှား၏ Manggala Agni သစ်တောမီးငြှိမ်းသတ်ရေးအဖွဲ့သည် အာချေး ခရိုင်တောင်ပိုင်းရှိ ဟက်တာ ၂၈ ကျယ်ဝန်းသော သစ်တောနှင့် မြေယာမီးလောင်မှုကို ၁၀ ရက်ကြာ မီးငြှိမ်းသတ်ရေးလုပ်ငန်း ဆောင်ရွက်ပြီးနောက် အောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းခဲ့သည့်ဧရိယာသည် လုပ်ပိုင်ခွင့်ပေးထားသော နယ်မြေများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများအတွင်းရှိ သစ်ဆွေးမြေများဖြစ်ပြီး ထိုနေရာများတွင် ချုံပင်များ၊ အပင်ငယ်များ၊ ဖန်းပင်များနှင့် ဆီအုန်းပင်များ ပေါက်ရောက်လျက်ရှိသည်ဟု ဒေသခံအရာရှိ ဖာဒီယန် ခရစ်နန်တိုက ပြောကြားခဲ့သည်။
အဆိုပါမီးသည် ဇူလိုင်လ ၆ ရက်နေ့တွင် စတင်လောင်ကျွမ်းခဲ့ပြီး ဟက်တာ ၂၀ ခန့်သာ မီးလောင်ခဲ့သော်လည်း နောက်ပိုင်းတွင် စုစုပေါင်း ဟက်တာ ၂၈ အထိ ကူးစက်ပျံ့နှံ့သွားခဲ့သည်ဟု သိရသည်။
မီးအရှိန်ပြင်းနေသည့် နေရာများသည် ရေအရင်းအမြစ်များနှင့် ပိုမိုဝေးကွာသည့်နေရာများသို့ပျံ့နှံ့သွားပြီး မီးလောင်ရာနေရာရှိ ရေမြောင်းများလည်း ခြောက်သွေ့သွားခဲ့သဖြင့် ရေရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများသည် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ မီးငြှိမ်းသတ်ရေးအဖွဲ့သည် ယာယီရေသိုလှောင်ကန်တစ်ခု တည်ဆောက်ရန် အစီအစဉ်များကို ရေးဆွဲခဲ့သည်ဟု သိရသည်။
မီးငြှိမ်းသတ်ရေးလုပ်ငန်းတွင် အာချေး သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးအေဂျင်စီမှ ဝန်ထမ်းများနှင့် အဆိုပါဒေသတွင် လုပ်ငန်းလုပ်ကိုင်နေသော စိုက်ခင်းကုမ္ပဏီများ၏ ဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments