ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျ ကိုးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရရှိ



ဇူလိုင် ၁၄

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ခွါ ပြည်နယ် ကိုဟတ် ခရိုင်တွင် ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျသဖြင့် ကိုးဦးထက်မနည်း သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ညနှောင်းပိုင်းက ထိုခရိုင်၏လာချီဒေသ မာလ်ဂျင်ဧရိယာရှိ နေအိမ်ပြိုကျခဲ့ပြီး ယင်းအပျက်အစီးများအောက်တွင် လူ ၂၃ ဦး ပိတ်မိနေသည်ဟု Rescue 1122 မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကိုဟတ် နှင့် အနီးနားရှိ ကာရတ်ခ်ခရိုင်မှ ကယ်ဆယ်ရေးအဖွဲ့များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး အပျက်အစီးများအောက်မှ ထိခိုက်ခံရသူအားလုံးကို အောင်မြင်စွာ ဆွဲထုတ်နိုင်ကာ အနီးနားရှိ ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

သေဆုံးသူများတွင် အမျိုးသမီး ခြောက်ဦးနှင့် ကလေး သုံးဦး ပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူအချို့သည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်သည်ဟု သိရသည်။

ထိုပြည်နယ်၏ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က  ရေစီးကြောင်းမြင့်တက် လာခြင်းကြောင့် လာမည့်နှစ်ရက်အတွင်း ရေကာတာများမှ ရေများထပ်မံ ထုတ်လွှတ်နိုင်ကြောင်း ယမန်နေ့ မနက်အစောပိုင်းက သတိပေးခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.