တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကျင်းပ




နေပြည်တော် ဇူလိုင် ၂၄

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၇ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးဝင်းတင့်၏ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းရုံးအနေဖြင့် မီတာယူနစ်များ ထည့်သွင်းရာတွင် တစ်လသုံးယူနစ်အား လာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းယူနစ် များဖြင့် ငွေတောင်းခံခဲ့သည့်အတွက် မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိကြောင်း၊ လျှပ်စစ်မီတာ ယူနစ်များ အတိအကျဖြစ်စေရေး မီတာသုံးစွဲသူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မီတာခပေးဆောင်ရာနေရာတွင်လည်း ငွေပေးသွင်းသည့် ကောင်တာများ ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ဝန်ကြီးဌာနအနေဖြင့် ယခင်က မီတာဖတ်ရှုနိုင်ခြင်းမရှိခဲ့သည့် မီတာများအတွက် မီတာဖတ်ချက်အမှန်ရရှိရေး နယ်မြေလုံခြုံရေးရရှိနိုင်မှုအပေါ်မူတည်၍ ဌာနမှဝန်ထမ်းများက မီတာဖတ်ရှုခြင်း၊ ဓာတ်အားခတောင်းခံလွှာပေးဝေခြင်း၊ ရပ်မိရပ်ဖများ၏ အကူအညီဖြင့် ဓာတ်အားခတောင်းခံလွှာပေးဝေခြင်း၊ ဓာတ်အားခပေးဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီတာယူနစ်ဖတ်ချက်အမှန်နှင့် ဓာတ်အားခတောင်းခံငွေ ကိုက်ညီစေရေးဌာနမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယူနစ်ကြွေးကျန်ဖြစ်ပေါ်လျက်ရှိသော မီတာများအား တစ်ကြိမ်တည်း များပြားစွာပေးဆောင် ရခြင်းမရှိစေရန်အတွက် အကြိမ်ရေခွဲ၍ ပေးဆောင်နိုင်ရေး ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


ထို့ပြင် မီတာခငွေပေးသွင်းသည့်ကောင်တာများ ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ယခင်က လျှပ်စစ်ဓာတ်အား သုံးစွဲခငွေကောက်ခံသည့် ကောင်တာနှစ်ခုရှိခဲ့ပြီး ၅-၆-၂၀၂၆ ရက်မှစတင်၍ ကောင်တာတစ်ခု ထပ်မံတိုးချဲ့၍ စုစုပေါင်းကောင်တာသုံးခုဖြင့် နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ထားရှိပြီး ဓာတ်အားခများ ကောက်ခံပေးလျက်ရှိသကဲ့သို့ တရားဝင်မှတ်ပုံတင်ထားသော မိုဘိုင်းငွေကြေးအဖွဲ့အစည်းများဖြစ်သည့် KBZ Pay ၊ UAB Pay ၊ CB Pay ၊ OK$ Pay များဖြင့် ၁၃-၆-၂၀၂၅ ရက်မှစ၍ ဓာတ်အားခများ ပေးဆောင်နိုင်ပြီဖြစ်ပြီး ပေးဆောင်ရမည့် နည်းလမ်းများအား အများပြည်သူသိရှိစေရန် လူမှုကွန်ရက်များမှတစ်ဆင့် အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါကြောင်း။


ဓာတ်အားသုံးစွဲမှုများသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပုဂ္ဂလိကဘဏ်များရှိ ၎င်းတို့၏ ဘဏ်ငွေစာရင်းမှ စစ်ကိုင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ်စာရင်းသို့ (Account Transfer/ CBM NET) ဖြင့် လွှဲပြောင်းပေးဆောင်ခြင်း၊ Online Payment စနစ် ပေးဆောင်ခြင်းတို့ဖြင့် ပေးဆောင်နိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားသည်။


မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၄) ဦးစိန်ရွှေမင်း၏ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ အများပြည်သူများအား ရေဖြန့်ဝေပေးရာတွင် လျှပ်စစ်မီးအသုံးပြုနေရပြီး လျှပ်စစ်မီတာခသည် တစ်ယူနစ်လျှင် ၅၀၀ ကျပ် ဖြစ်သွားသည့်အတွက် ရေဖြန့်ဝေမှုမှရသည့် ဝင်ငွေနှင့် လျှပ်စစ်မီတာခမမျှတဘဲ လစဉ်လိုငွေပြ နေသဖြင့် လျှပ်စစ်မီးနှင့် ဆိုလာစနစ် တွဲဖက်အသုံးပြ နိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ်ကျခံသုံးစွဲရမှုကို လျှော့ချနိုင်ရန် ကုန်ကျစရိတ်များအား ကာမိသော လျှပ်စစ်ဓာတ်အားခနှုန်းထားများ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစတင်၍ ပြင်ဆင်သတ်မှတ်ခဲ့ရာ အိမ်သုံးမဟုတ်သည့် အမျိုးအစားများ (စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာနအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံး ဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ) အတွက် အလွှာ (၃) လွှာဖြင့် မီတာယူနစ် (၁ မှ ၅,၀၀၀ ယူနစ်ထိ) ကို တစ်ယူနစ်လျှင် ငွေကျပ် ၂၅၀ နှုန်း၊ (၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ်ထိ) အား တစ်ယူနစ်လျှင် ငွေကျပ် ၄၀၀ နှုန်း၊ ၂ဝ,ဝဝ၁ ယူနစ်နှင့်အထက်အား တစ်ယူနစ်လျှင် ငွေကျပ် ၅ဝဝ နှုန်း ဓာတ်အားခ ကောက်ခံလျက်ရှိပါကြောင်း။


သို့ပါ၍ ဆိုလာစနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကျောက်တန်းရေစက်ရုံရှိ (နမ္မဒါရေတွန်းစက်) တွင် ၈၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သန်း ၅၁၀ အား ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ ကျောက်တန်းရေစက်ရုံရှိ (လိပ်တောင်ရေတွန်းစက်) တွင် ၈၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သန်း ၅၁ဝ အား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျောက်တန်းရေစက်ရုံရှိ (အောင်မြေရေတွန်းစက်) တွင် ၅၆ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ခြင်းအတွက် ခန့်မှန်းကုန်ကျ ငွေကျပ် ၃၃၆ သန်းအား ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ မင်းဘူးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးစားပေးအစီအစဉ်ဖြင့် လျာထားတင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။


ယင်းနောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဒေါ်စိုးစိုးမြင့်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဥပဒေပုဒ်မ ၁၁ ၏ နောက်တွင် အသစ်ဖြည့်စွက်မည့် ပုဒ်မ ၁၁-က ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) (၂) တို့ကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၁၁-က ပုဒ်မခွဲ(က)အနေဖြင့် အကယ်၍ ကိုယ်စားလှယ်သည် ဥပဒေချိုးဖောက်ခြင်းမရှိဘဲ ပါတီပျက်သွားသည်ဆိုသော အကြောင်းတစ်ခုတည်းကြောင့် ကိုယ်စားလှယ်အဖြစ်မှ ဆုံးရှုံးရပါက ရွေးကောက်ခံပိုင်ခွင့်ကို ဥပဒေအောက်တွင် အလွန်အကျွံကန့်သတ်ထားခြင်း ဖြစ်နိုင်ပါကြောင်း၊ မဲပေးသူ၏ ဆန္ဒကိုသွယ်ဝိုက်၍ ပယ်ဖျက်လိုက်သကဲ့သို့ဖြစ်သည့်အပြင် အပြစ်မရှိသူအပေါ် အကျိုးဆက် ကျရောက်စေပါကြောင်း၊ ပါတီ၏လိုအပ်ချက်နှင့် ကိုယ်စားလှယ်၏အခွင့်အရေးကို တစ်ပေါင်းတည်း ချိတ်ဆက်ထားခြင်းဖြစ်ပြီး အချိုးကျနိယာမ (Pro-portionality Principle)နှင့် မညီနိုင်ဟု ငြင်းခုံနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေသဘောတရားများအရ ဥပဒေကြမ်းသည် လိုအပ်မှု၊ သင့်လျော်မှု၊ အချိုးကျမှုတို့နှင့် ဖြည့်ဆည်းသင့်ပြီး ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရသည်နှင့် ကိုယ်စားလှယ်၏ ရွေးကောက်ခံအဖြစ်ကို အလိုအလျောက် ပျက်ပြယ်စေခြင်းသည် ဖွဲ့စည်းပုံနှင့်ကိုက်ညီမှုမရှိ၍ ဥပဒေကြမ်းကို ပြန်လည်သုံးသပ်ပေးစေလိုပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၈ (ခ) အရ ပြောရလျှင် အသစ်ဖြည့်စွက်သည့် ပုဒ်မ ၁၁-က ပုဒ်မခွဲ (ခ) (၂) ဥပဒေကြမ်းပါ အဆိုပြုချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆပါကြောင်း၊ ဒီမိုကရေစီနှင့် ကိုယ်စားပြုမှု ရှုထောင့်အရကြည့်ပါက ပါတီတစ်ခုဖျက်သိမ်းခံရသည်နှင့် PR လွှတ်တော်ကိုယ်စားလှယ်၏ ရွေးကောက်တင်မြှောက်ခံရမှု အလိုအလျောက်ပျက်ပြယ်စေခြင်းသည် အငြင်းပွားဖွယ်ရာရှိပြီး ကိုယ်စားလှယ်ကိုယ်တိုင် ဥပဒေချိုးဖောက်မထားပါက တရားမျှတမှုမရှိပါဟု ဥပဒေကြမ်းပါအချက်များကို တင်ပြလိုပါကြောင်း ဆွေးနွေးသည်။


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဒေါ်မာလာဆန်းက အမျိုးသား လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မ ၁၁-က၊ ပုဒ်မခွဲ (ခ) အပိုဒ်ခွဲ (၁) နှင့် (၂) တို့သည် နိုင်ငံရေးပါတီတစ်ခု ဖျက်သိမ်းခံရပါက သို့မဟုတ် မှတ်ပုံတင်ပယ်ဖျက်ခံရပါက လွှတ်တော်ကိုယ်စားလှယ်များ၏ ရပ်တည်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်အခြေအနေကို ပြဋ္ဌာန်းခြင်းဖြစ်ပါကြောင်း၊ လက်ရှိ ဥပဒေကြမ်းပါပုဒ်မများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်များ၏ ကွဲလွဲချက်များနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တိုင်းရင်းသားလူမျိုးများ၏ ရပ်တည်ခွင့် အခွင့်အရေးကိုဦးတည်၍ ဆွေးနွေးတင်ပြလိုပါကြောင်း။


အမျိုးသားလွှတ်တော် ဥပဒေကြမ်းတွင်ပါရှိသည့် ပုဒ်မများသည် နိုင်ငံရေးပါတီ အဖွဲ့အစည်းကိုသာလျှင် ရည်ညွှန်းသင့်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ပိုင်ခွင့်ကို ပျက်ပြယ်သည်ဟု မှတ်ယူခြင်းများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ(၃၈)(ခ) အခန်း (၉) ပုဒ်မ ၃၉၀ တွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွင်လည်း ပြဋ္ဌာန်းထားပြီးဖြစ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်များ ရပ်တည်ပိုင်ခွင့်ကို ရုပ်သိမ်းခြင်းသည် တိုင်းရင်းသားပါတီငယ်များ၏ အခွင့်အရေးနှင့် မဲဆန္ဒရှင်များ၏ထောက်ခံမှုဖြင့် ဆင်းသက်လာသည့် ဥပဒေပြုရေး အာဏာကွဲလွဲလျက်ရှိနေသဖြင့် သတ္တမအကြိမ်မြောက် ပြင်ဆင်ရန်ပေးပို့လာသည့် ဥပဒေ ကြမ်းပုဒ်မ ၁၁- (က) ပုဒ်မခွဲ(က) ပုဒ်မခွဲ(ခ) အပိုဒ်ခွဲ ၁ နှင့် ၂ သည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် မသင့်ပါကြောင်း ဆွေးနွေးသည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး(ခ) ဦးတင်ဦးက မူလဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းခဲ့သည့် အစီရင်ခံစာပါ မူလဥပဒေအတိုင်း ဆက်လက်ထားရှိရန် ပြင်ဆင်ချက်ကို ထောက်ခံလိုပါကြောင်း၊ မူလဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) နောက်တွင် ပုဒ်မခွဲငယ် (ဃ)အဖြစ်၊ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည် မိမိပါဝင်အရွေးခံမည့် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲမဝင်မီ အနည်းဆုံး (၁) နှစ်မျှ တစ်ဆက်စပ်တည်း နေထိုင်လာသူဖြစ်ရမည်ဟူသော ပြဋ္ဌာန်းချက်အသစ်တစ်ရပ်ကို ထပ်မံ ဖြည့်စွက်ပြဋ္ဌာန်းပေးပါရန် အကြံပြုတင်ပြလိုပါကြောင်း၊ ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ကိုယ်စား လှယ်လောင်းများအနေဖြင့် မိမိတို့အရွေးခံမည့် မဲဆန္ဒနယ်မြေများမှ မဲဆန္ဒရှင်ပြည်သူများနှင့် ပိုမို အကျွမ်းဝင်ထိတွေ့ပြီး ပြည်သူ့ကိုယ်စားပြုမှုနှင့် ဒီမိုကရေစီရွေးကောက်ပွဲစနစ် ပိုမိုရှင်သန်အားကောင်းလာစေရန် အကြံပြုတင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။


မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၉) ဦးစောသွင်က ဘွဲ့မရသော်လည်း လူမှုအသိုက်အဝန်းနှင့် နီးကပ်စွာ မှီတင်းနေထိုင်ပြီး ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းရှင်းမှုတို့ကြောင့် လူထု၏လေးစားကြည်ညိုမှု ရရှိထားသူများ၏ အဆုံးအဖြတ်ဖြင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုများ များစွာရှိခဲ့ပါသောကြောင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပုဒ်မ(၈)၊ (ဂ) “အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူ” သည် သင့်တော် မှန်ကန်ပါကြောင်း၊ မွေးဖွားစဉ်က မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမည်ဆိုသည့် အဆိုသည် များစွာသင့်မြတ်လှပါကြောင်း၊ မိမိနိုင်ငံကို မိမိကသာလျှင်ချစ်ရပါမည်။ ထို့ကြောင့် (ပုဒ်မ ၈ ၊ ခ) “နိုင်ငံသားမိဘ နှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ” သည် ဥပဒေကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်သည်ဟု ယူဆပါကြောင်း။

ပုဒ်မ (၈) (က) တွင် ပုဒ်မခွဲငယ် (၄) အဖြစ် “လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း ကိုယ်စားလှယ်၏ မဲဆန္ဒနယ်တွင် အနည်းဆုံး (၅) နှစ် သို့မဟုတ် (၃) နှစ် အခြေချနေထိုင်ခဲ့သူ” ဟူ၍ ထပ်မံထည့်လိုပါကြောင်း ဆွေးနွေးသည်။


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၈) ခွန်စောလွင်က အဆိုပြုဥပဒေကြမ်းပါ အပိုဒ် ၂၊ အစားထိုးပြင်ဆင်လိုသည့် ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) သည် အရည်အချင်းပြည့်ဝသော၊ ပညာအရည်အချင်းမြင့်မားသော ကိုယ်စားလှယ်များဖြစ်ရန် နိုင်ငံတော်၏ အနာဂတ်ကာလအတွက်မျှော်တွေးပြီး အဆိုပြုခြင်းဖြစ်သည်ကို နားလည်ပါကြောင်း၊ အနာဂတ်ကာလအတွက် မျှော်တွေးမည်ဆိုပါက ကောင်းမွန်သည့် အဆိုပြုပြင်ဆင်ချက်ဖြစ်၍ ထောက်ခံအားပေးရမည့် အဆိုပြုချက်ဖြစ်ပါကြောင်း၊ သို့ရာတွင် လက်ရှိအချိန်ထိ အရေးပေါ်အခြေအနေအောက် ကျရောက်နေသေးသည့် မြို့နယ်များရှိနေဆဲ ကာလဖြစ်ပါသောကြောင့် ယခုအဆိုပြုဥပဒေကြမ်းပါ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်း သတ်မှတ်ချက်သည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် မူလဥပဒေပါအတိုင်းထားရှိရန် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်သည် သင့်လျော် မှန်ကန်ပါကြောင်း။


အဆိုပြုဥပဒေကြမ်းပါ အပိုဒ် ၆၊ မူလဥပဒေပါ ပုဒ်မ ၃၀-က သည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များကို ကော်မရှင်မှသတ်မှတ်ထားသော နည်းလမ်းများဖြင့် မဲဆွယ်စည်းရုံးနိုင်ခွင့် ပေးအပ်ထားပါကြောင်း၊ အဆိုပြုဥပဒေကြမ်းပါ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ကို ပါတီဗဟိုအလုပ်အမှုဆောင်ကိုသာ ပြင်ဆင်ကန့်သတ်လိုက်ပါက ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီတိုင်းအတွက် တန်းတူယှဉ်ပြိုင်မှု၊ စည်းရုံးနိုင်မှုကို ထိခိုက်စေနိုင်ပါကြောင်း၊ သို့ပါ၍ ပါတီစုံဒီမိုကရေစီ ရှင်သန်အားကောင်းလာစေရန် လူထုထောက်ခံမှုရရှိနိုင်ရန် ဒီမိုကရေစီ၏ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၀-က ခြေဆင်းပါ နိုင်ငံရေးပါတီများ ဆိုသည့်စကားရပ်ကို နိုင်ငံရေးပါတီများမှ ပါတီဝင်များဆိုသည့် စကားရပ်ဖြင့် တိကျသော ရည်ညွှန်းမှုတစ်ရပ်အဖြစ်သာ အစားထိုးပြင်ဆင်သင့်ပါကြောင်းနှင့် နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များအဖြစ် ဘောင်ခတ်ကန့်သတ်ရန်မသင့်ပါကြောင်း ဆွေးနွေးသည်။


ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) နော်ယုဇနဝါက အမျိုးသား လွှတ်တော်ရွေးကောက်ပွဲဥပဒေ သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေမှ ပုဒ်မ ၁၁ (က) ၏ ရွေးကောက်ပွဲကော်မရှင်၏ပြင်ဆင်ချက်ကို ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ကျော်လွန်နေသော ဥပဒေကို ပြဋ္ဌာန်းလိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) အခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ ပုဒ်မ ၃၉၆ ပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်ပြီးမှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြဋ္ဌာန်းမည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁၁)က ပုဒ်မခွဲငယ်(၂) အချိုးကျကိုယ်စားပြုမှုစနစ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းမှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟူသော ပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြဋ္ဌာန်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၁ (က) ပုဒ်မခွဲ ပြဋ္ဌာန်းချက်ကို ကန့်ကွက်ပါကြောင်း။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းပုဒ်မများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ ပြင်ဆင်ပြီးမှသာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြဋ္ဌာန်းထားချက်များကို ပြဋ္ဌာန်းနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးက ပုဒ်မ ၁၁ နောက်တွင် ဖြည့်စွက်သည့် ပုဒ်မ ၁၁-(က)တွင် ရွေးကောက်ခံရသည့်ကိုယ်စားလှယ်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ အရသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ယင်းဖြည့်စွက်ချက်ကိုပယ်ဖျက်ရန် တင်ပြအပ်ပါကြောင်း။

ပုဒ်မ ၁၁-က။ (ခ) တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ပါတီမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်မှ ရုပ်သိမ်းလိုလျှင် အခြေခံဥပဒေပုဒ်မ ၃၉၆ အရသာ ဆောင်ရွက်သင့်ပါသောကြောင့် ဤဖြည့်စွက်ချက်ကိုပယ်ဖျက်ရန် တင်ပြအပ်ပါကြောင်း၊ ၁၁-က။ (ခ) (၂) တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် တက်လာသော လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူတို့၏ တိုက်ရိုက်မဲဆန္ဒဖြင့်တက်သည်ဖြစ်၍ ကိုယ်စားပြုပါတီအဖျက်သိမ်းခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက်ပျယ်ပြယ်မှု လုံးဝမဖြစ်သင့်ပါကြောင်း ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၃၉၆ အရသာလျှင် ဆောင်ရွက်နိုင်သည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၁၁-က။ (ခ)(၂)ဖြည့်စွက်ချက်ကို ပယ်ဖျက်ရန် တင်ပြအပ်ပါကြောင်း။


ပုဒ်မ ၃၀ က မှ အဆိုပြုပြဋ္ဌာန်းချက်မှာ နိုင်ငံရေးပါတီများဆိုသည့် စကားရပ်ကို “နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်ဟု ပါရှိသော်လည်း ပြဋ္ဌာန်းချက်ကိုမယူဘဲ မူလဥပဒေတိုင်းသာထားရှိရန် လိုအပ်ပါကြောင်း၊ ပုဒ်မ ၈၈-ခ။ ၏ အဆိုပြုပြဋ္ဌာန်းချက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် သတ်မှတ်ပြီးလျှင် မဲဆန္ဒရလဒ်ကိုပယ်ဖျက်လျှင် လွှတ်တော်ကိုယ်စားလှယ်ကို မထိခိုက်နိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အပေါ် သက်ရောက်မှုသည် အခြေခံဥပဒေ ပုဒ်မ ၃၉၆ အရသာလျှင် ဖြေရှင်းရမည်ဖြစ်၍ ဤဖြည့်စွက်ချက်ကိုပယ်ဖျက်ရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။


ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။


ထို့နောက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ခွန်ထိုင်းက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း လေ့လာစိစစ်ရာတွင် အဆိုပြုဥပဒေကြမ်း အပိုဒ် (၂) ပုဒ်မ ၈ ပုဒ်မ(ဂ) သည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် မူလဥပဒေအတိုင်း ပြန်လည်ထားရှိခြင်းကို ထောက်ခံဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ပညာအရည်အချင်းမြှင့်တင်လိုသည့် ရည်ရွယ်ချက်ကို လေးစားသော်လည်း ပြည်သူ၏ရွေးချယ်ပိုင်ခွင့်နှင့် မကွဲပြားသော နိုင်ငံရေးပါဝင်မှုကို ဟန်ချက်ညီစွာထိန်းသိမ်းနိုင်ရန် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ပြင်ဆင်ချက် “မူလဥပဒေအတိုင်း” ဆက်လက်ထားရှိသင့်ပါကြောင်း။


အပိုဒ် (၆) ပုဒ်မ ၃၀-က ပါ အဆိုပြုပြဋ္ဌာန်းချက်အရကော်မရှင်က သတ်မှတ်ထားသည့်အတိုင်း မဲဆွယ်စည်းရုံးနိုင်သည် ပုဂ္ဂိုလ်များသည် “နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ရွေးကောက်ပွဲ ကိုယ်စားလှယ်များ” ဖြစ်သည်ဟု မူလဥပဒေပါ “နိုင်ငံရေးပါတီများ” အစား “နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များ” ဟူ၍ ပိုမိုတင်းကျပ် အဆိုပြုပြဋ္ဌာန်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၃၀-က နှင့်စပ်လျဉ်း၍ မဲဆွယ်စည်းရုံးခွင့်ရှိသူကို နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များဟူသည့် အဆိုပြုပြဋ္ဌာန်းချက်စကားရပ်အစား နိုင်ငံရေးပါတီများမှ “ပါတီဝင်များ” ဟူသော စကားရပ်ဖြင့် အစားထိုးပြင်ဆင်မှုပြုပေးပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။


မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၇) ဒေါက်တာ ဗညားအောင်မိုးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပေဒေ ပြင်ဆင်ချက်တွင် ပုဒ်မ ၈ ပုဒ်မခွဲ (ဂ) ကို နိုင်ငံတော်အသိမှတ်ပြုသည့်တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်တစ်ခုခုမှ ဘွဲ့ရပြီးသူ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်အရွေးခံခြင်းသည် အလုပ်အကိုင်အတွက် လျှောက်ထားသည်မဟုတ်၍ ဘွဲ့လက်မှတ်ရှိရန် အရေးမကြီးပါကြောင်း၊ ထို့ကြောင့် ယင်းပြင်ဆင်ချက်ကိုပယ်ဖျက်၍ မူလအတိုင်းသာထားရှိသင့်ပါကြောင်း၊ ပုဒ်မ ၁၁။(ဎ)ပုဒ်မ ၄ ။ ပုဒ်မခွဲ (ခ) အရ ပါတီကိုသာ မဲထည့်သည့်စနစ်မျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံ၏ PR ဖြင့် တက်လာသော အမတ်တစ်ဦးသည် ပါတီကထုတ်ပယ်ခံရသည်ဖြစ်စေ၊ ပါတီကထွက်သည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နေရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၁၁။ (ဎ) ပြင်ဆင်ချက်ကို ပယ်ဖျက်သင့်ပါကြောင်း။


ပုဒ်မ ၁၁-က တွင်လည်း လွှတ်တော်ကိုယ်စား လှယ်ဖြစ်၍ အခြေခံဥပဒေ ပုဒ်မ ၃၉၆ အရသာလျှင် ဖြေရှင်းရမည်ဖြစ်၍ ထိုပြင်ဆင်ချက်ကို ပယ်ဖျက်ပေးသင့်ပါကြောင်း၊ ပုဒ်မ ၁၁-က။(ခ)(၂)တွင် လက်ရှိ PR ကိုယ်စားလှယ်သည် FPTP ၏ မဲဖြင့် ရွေးချယ်ခံရ၍ FPTP အမတ်များကဲ့သို့ ပုဒ်မ ၁၁-က။(ခ)(၁)တွင် ကဲ့သို့ ဆောင်ရွက်နိုင်ရန်ဟု ပုဒ်မ ၁၁-က။ (၂) ကို ပြင်ဆင်ရေးသားသင့်ပါကြောင်း၊ ပုဒ်မ ၃၀ (က) ၏ ခြေဆင်းတွင် နိုင်ငံရေးပါတီ၏ ဗဟိုအလုပ်မှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသာ ဟောပြောမဲဆွယ်ခွင့်ရှိလျှင် အရည်အချင်းရှိ ပါတီဝင်များ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ရပ်ကွက်တို့မှ အရည်အချင်း ရှိသူပါတီဝင်များ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖများကို ပါဝင်ခွင့်မပြုပိတ်ပင်ခြင်းသည် ဒီမိုကရေစီနည်းကျ စည်းရုံးရေးနှင့် လူ့အခွင့်အရေး၊ ပြည်သူ့အခွင့်အရေးကို ကန့်သတ်ရာကျပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၃၀ က။ ပြင်ဆင်ချက်ကိုပယ်ဖျက်ပြီး မူလအတိုင်းသာထားရှိသင့်ပါကြောင်း။


ပုဒ်မ ၈၈ -ခ ပြင်ဆင်ချက်မှာ လွှတ်တော်ကိုယ်စားလှယ်ကို နုတ်ပယ်ရန် အခြေခံဥပဒေပုဒ်မ ၃၉၆ အရသာ ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၈၈ (ခ) ပုဒ်မခွဲ (က)တွင် ပြင်ဆင်ထားသည့် ပြင်ဆင်ချက်ကို ပယ်ဖျက်ပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။


ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်းက ဥပဒေကြမ်းပါ ပုဒ်မ ၁၁-က၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၁၁-က ပုဒ်မခွဲ(ခ)တွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပါတီဖျက်သိမ်းခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟုမှတ်ယူခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ (၄) အရ ပြည်သူများထံက ဆင်းသက်လာသည့် ဥပဒေပြုရေးအာဏာရ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်ကို အလိုအလျောက်ပျက်ပြယ်သည် ဟု မှတ်ယူခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျက်နေပါကြောင်း။


တိုင်းနှင့်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲဥပဒေ သတ္တမအကြိမ်မြောက် ပြင်ဆင်ရန်ပေးပို့လာသည့် ပုဒ်မ ၈၈-ခ ပုဒ်မခွဲ(က) နှင့် ပုဒ်မ ၈၈-ခ ပုဒ်မခွဲ (ခ) အဆိုပြု ပုဒ်မတွင်ပါရှိသည့် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ စကားရပ်သည် နိုင်ငံရေးပါတီများကို တစ်ဦးတစ်ယောက်တည်းသဘောဆန္ဒဖြင့် ဖျက်သိမ်းစေနိုင်သည်ဟု ထင်မြင်ယူဆစရာ ဖြစ်နေပါကြောင်း၊ ထိုစကားရပ်အစား ယင်းပါတီအဖွဲ့အစည်းမှ ဗဟိုအလုပ်အမှုဆောင်များ၏ သဘောတူညီမှု၊ လွှတ်တော်ကိုယ်စားလှယ်များရှိထားပါက ထိုလွှတ်တော်ကိုယ်စားလှယ်အများစု၏ သဘောတူညီမှုဖြင့် ဖျက်သိမ်းလျှင်ဖြစ်စေ စကားရပ်များဖြင့် ပြင်ဆင်ထည့်သွင်းသင့်ပါကြောင်း။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ဖျက်သိမ်း/ပယ်ဖျက်ခြင်းများကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ရပ်တည်ခွင့်၊ ဆန္ဒမဲများပယ်ဖျက်ခြင်းတို့သည် လူမျိုးစု အခြေပြုဖွဲ့စည်းထားသည့် တိုင်းရင်းသားများ၏ ပြည်ထောင်စုအတွင်း ပါဝင်နိုင်မှုကို လျော့ကျသွားစေနိုင်သဖြင့် အဆိုပါဥပဒေပုဒ်မ ဥပဒေကြမ်းပါ ပုဒ်မ ၁၁-က၊ ပုဒ်မခွဲ (က) ပုဒ်မခွဲ(ခ)၊ အပိုဒ်ခွဲ(၁)နှင့်(၂)၊ နည်းဥပဒေ ၈၈-(ခ) ပုဒ်မ(က)နှင့် (ခ) တို့တွင် ဖြည့်စွက်ရန် မသင့်ပါကြောင်း ဆွေးနွေးသည်။


ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၆) ဦးမျိုးသန့်၏ လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာ အမှတ်၂/၂၀၁၂၏ အခန်း၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ၁၀၆၏ ပုဒ်မခွဲ (က)(ခ)(စ)နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ (က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။


မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေးက ရှေးယခင် မြေတိုင်းတာစနစ်များသည် တိကျသော တည်နေရာအမှတ်အသားမရှိခြင်း၊ နယ်ခြားစည်းမျဉ်းများ တစ်လျှောက် ခိုင်မာတိကျသည့် အတိုင်းအတာအမှတ်အသားများ မရှိခြင်းများရှိခဲ့ပါကြောင်း၊ ထိုစနစ်အရ နယ်ချင်းကပ်လျက်နယ်မြေများ အငြင်းပွားမှုများ ဖြစ်နေရခြင်းဖြစ်ပါကြောင်း၊ ယခုခေတ်တွင် ခေတ်မီတိုင်းထွာနည်း စနစ်များရှိသဖြင့် တိကျသေချာသော Google Point များဖြင့် တိုင်းထွာ၍ မြေပြင်အကွက်ချပုံစံ၊ ကောင်းကင်ဓာတ်ပုံအကွက်ချပုံစံ၊ UTM မြေပုံများဖြင့် တိုင်းထွာသတ်မှတ်ပေးထားပြီး မိမိနယ်မြေ မိမိထိန်းသိမ်းစေခြင်း၊ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်စေခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။


ဥပဒေ၏ အားနည်းချက်များ မပေါ်ပေါက်စေရန်နှင့် မလိုအပ်သော နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်စေရန် တိကျသေချာသော နယ်ခြား၊ နယ်နိမိတ်များဖြင့် တည်နေရာတိုင်းထွာ သတ်မှတ်ပေးခြင်းအားဖြင့် နယ်မြေဧရိယာ အငြင်းပွားမှုပြဿနာများ မရှိနိုင်တော့မည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။


မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၃) ဦးဟိန်းမင်းဦးက မြန်မာ့စိုက်ပျိုးရေးကဏ္ဍတိုးတက်မှသာ နိုင်ငံစီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်၍ ပိုမိုဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် စိုက်ပျိုးရေးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုရှင်၏ အဆိုသည် မြေနုကျွန်းမြေဖြစ်ထွန်းလေ့ရှိသည့် မြစ်ဝကျွန်းပေါ်ဒေသများရှိ ကိုင်းတောင်သူများအကျိုးကိုရည်ရွယ်၍ လယ်ယာမြေနည်းဥပဒေ အခန်း (၁၂) ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ (က) (ခ) (စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ (က) တို့အား ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြစ်သဖြင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။


မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ဦးရဲထွဋ်အောင်က နည်းဥပဒေ (၁၀၃)ပါ မူလပြဋ္ဌာန်းချက်အစား ပြဋ္ဌာန်းချက်အသစ်ကြောင့် ရေကျပြီးနောက် ပြန်ပေါ်လာချိန်တွင် တည်နေရာ၊ ပုံသဏ္ဌာန်ပြောင်းလဲဖြစ်ပေါ်လာသော ကျွန်းနုမြေသစ်ကိုသာ လုပ်ကိုင်ခွင့်ချထားပေးခြင်းဖြင့် လုပ်ပိုင်ခွင့်ရသူ အငြင်းပွားမှုပြဿနာများ လျော့ကျနိုင်ခြင်း၊ နည်းဥပဒေ (၁၀၄) ပါ မူလ ပြဋ္ဌာန်းချက်အစား ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် မူလလုပ်ကိုင်ခွင့် ရသူအခွင့်အရေးကို မထိခိုက်မနစ်နာစေဘဲ၊ ကျွန်းမြေသစ်လုပ်ပိုင်ခွင့်ရရှိသူအားလည်း ပိုင်ရှင်အငြင်းပွားမှုမရှိစေဘဲ လုပ်ကိုင်ခွင့်ရရှိခြင်းနှင့် နည်းဥပဒေ (၁၀၆) နည်းဥပဒေခွဲ(က) ပါ မူလပြဋ္ဌာန်းချက်အစား ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းကြောင့် မူလလုပ်ကိုင်သူ အခွင့်အရေးအား မထိခိုက်သလို စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။


ထို့ပြင် နည်းဥပဒေ (၁၀၆) နည်းဥပဒေခွဲ (ခ) ပါ မူလပြဋ္ဌာန်းချက်အစား ပြင်ဆင်ပြဋ္ဌာန်းချက်ကြောင့် ဥပဒေလက်တစ်လုံးခြားပြုလုပ်ကာ အမှန်တကယ်လယ်မဲ့ယာမဲ့များ သူရင်းငှားများ ချန်လှပ်ခံရမှုမရှိစေခြင်း၊ နည်းဥပဒေ (၁၀၆) နည်းဥပဒေခွဲ (စ) ပါ မူလ ပြဋ္ဌာန်းချက်အစား ပြင်ဆင်ပြဋ္ဌာန်းချက်အရ ကျွန်းနုမြေသစ်များ၏ လုပ်ပိုင်ခွင့်ရွေးချယ်ရာတွင် အကျုံးဝင်သူအားလုံးပါဝင်နိုင်ပြီး ပိုင်ရှင်အငြင်းပွားမှုမရှိဘဲ လုပ်ကိုင်နိုင်ခြင်းနှင့် နည်းဥပဒေ (၁၁၂) နည်းဥပဒေခွဲ(က) ပါ မူလပြဋ္ဌာန်းချက်အစား မြေခွန်ကိုသာ ထမ်းဆောင်ရမည်ဟူသော ပြဋ္ဌာန်းချက်သည် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းစဉ်များကို ရှုပ်ထွေးမှုမရှိစေခြင်း စသည့်အချက်များသည် မြေယာမရှိသူနှင့် မြေနည်းတောင်သူများကို ဦးစားပေးမှုကြောင့် တရားမျှတမှုကိုဖြစ်စေပြီး မြေခွဲဝေမှုလုပ်ငန်းစဉ်များကိုလည်း ပွင့်လင်းမြင်သာမှု ရှိစေပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ တာဝန်ရှိသူများသည်လည်း ဆုံးဖြတ်ချက်များကို လွယ်ကူရှင်းလင်းစွာ အတည်ပြုနိုင်မည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။


မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ဦးဝင်းဖေမောင်က ပုဒ်မ (၁၀၆) ပုဒ်မခွဲ (က၊ ခ၊ စ) တို့ကို ပြင်ဆင်ရာတွင် ကျေးရွာအဆင့် မြေနုကျွန်းမြေချထားရေး ကော်မတီများ၌ ဒေသခံကိုင်းတောင်သူကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်ခွင့်ရရှိရေး၊ မြေကွက်ခွဲဝေမှုစနစ်ကို လူထုရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းရေးနှင့် ခိုင်မာသည့် တိုင်ကြားစာဖြေရှင်းမှုယန္တရားတို့ကို နည်းဥပဒေတွင် အတိအကျ ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း၊ ပုဒ်မ (၁၁၂) ပုဒ်မခွဲ (က) ကို ပြင်ဆင်ရာတွင် ဝေဝါးစေနိုင်သော ယေဘုယျစကားရပ်များကိုပယ်ဖျက်ပြီး၊ အမှန်တကယ်စိုက်ပျိုးမည့် ကိုင်းတောင်သူစစ်စစ် (Smallholder Farmers) ဖြစ်ကြောင်း သတ်မှတ်သည့်စံနှုန်းများ (ဥပမာ - တစ်ဦးလျှင် အများဆုံး စိုက်ပျိုးနိုင်သည့် ဧကပမာဏ ကန့်သတ်ချက်) ကို တိကျပြတ်သားစွာ ဖွင့်ဆိုပြဋ္ဌာန်းပေးရမည်ဖြစ်ပါကြောင်း။


လယ်ယာမြေနည်းဥပဒေ (၂၀၁၂) အခန်း (၁၂) ကို ပြင်ဆင်ခြင်းဟာ ဥပဒေစာအုပ်ထဲက စာသားအချို့ကို ပြောင်းလဲခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် ရွေးချယ်စရာမြေမရှိဘဲ မြေနုကျွန်းကိုပဲ အမှီပြုနေရသည့် ကိုင်းတောင်သူလယ်သမားများ၏ ဘဝလုံခြုံရေး၊ တရားမျှတရေးနှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် မရှိမဖြစ် လိုအပ်နေသည့် ပြုပြင်ပြောင်းလဲရေး ဖြစ်ပါသောကြောင့် အဆိုအား ထောက်ခံဆွေးနွေးသည်။


ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းတို့ကို ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် ၂၂ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။


ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ဇူလိုင် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်

No comments

Powered by Blogger.