တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၉ ဦး သေဆုံး
ဇူလိုင် ၉
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၃၉ ဦး သေဆုံးပြီး ကိုး ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါသေဆုံးသူဦးရေတွင် ဒေသတွင်း နန်နင်မြို့ရှိ ရေလှောင်ကန် ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ ပါဝင်သည်ဟု ယနေ့မွန်းလွဲပိုင်းကပြုလုပ်သော ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲထုတ်ပြန်ချက်အရ သိရသည်။
နောက်ထပ်အတည်ပြုချက်အပြီးတွင် နန်နင်မြို့ရှိ လျူလန်ရေလှောင်ကန် ပြိုကျမှုကြောင့် အမည်မဖော်လိုသူ ငါးဦး အပါအဝင် သေဆုံးသူ ၂၆ ဦးနှင့် ပျောက်ဆုံးသူ ခုနစ်ဦး ရှိကြောင်း နန်နင်မြို့ ဒုတိယမြို့တော်ဝန် ဒင်ဝေက ပြောကြားခဲ့သည်။
ဒေသခံ ၆၄၅၀၀ ကို ဘေးကင်းရာသို့ ပြန်လည်နေရာချထားပေးခဲ့ပြီး အဝတ်အထည်၊ သောက်ရေ၊ အစားအစာ၊ ဆေးဝါးနှင့် ပါဝါဘဏ်များအပါအဝင် မရှိမဖြစ်လိုအပ်သော ပစ္စည်း ၁၀၀၀၀၀ ကို ရေဘေးသင့် ဒေသခံများထံ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
သန့်ရှင်းရေးလုပ်ငန်းများအတွက် ဝန်ထမ်း ၄၂၀၀ ကျော်ကို စေလွှတ်ထားပြီး ပတ်ဝန်းကျင်စောင့်ကြည့်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအတွက် အထူးကျွမ်းကျင်သူ ၃၀၀ ကျော်ကို စေလွှတ်ထားကြောင်း ဖော်ပြထားသည်။ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်အရ ယခုအချိန်အထိ ရောဂါကူးစက်ပျံ့နှံ့မှုများ သို့မဟုတ် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ နှင့်ပတ်သက်ပြီး သတင်းပို့ထားခြင်း မရှိသေးကြောင်း သိရသည်။
နန်နင်သည်ပျောက်ဆုံးနေသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ပြီး ဘေးသင့်ဒေသခံများအတွက် ပြန်လည်နေရာချထားရေး ဝန်ဆောင်မှုများနှင့် သဘာဝ ဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments