မဟာဗျူဟာအဝေးပြေးလမ်းမကြီးများ ရာနှုန်းပြည့်ပြီးစီးရေးဖော်ဆောင်




မြန်မာနိုင်ငံသည် မဟာဗျူဟာအရ အချက်အချာကျသော အနေအထားတွင် တည်ရှိသည်။ အိမ်နီးချင်း ငါးနိုင်ငံနှင့်တစ်ဆက်တစ်စပ်တည်း ထိစပ်လျက်ရှိကာ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများရှိပြီး အရှေ့နှင့်အနောက်ကို ဆက်သွယ်ပေးသော ဗဟိုချက်မဖြစ်သည်။ နယ်စပ်ဒေသကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှုများကို အထောက်အကူပြုသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်သည်။


အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က နေပြည်တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတက “မိမိတို့နိုင်ငံတော်အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် ယခင်ကတည်းကရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံ များနှင့်ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းစီမံကိန်းများကို အဆင့်မြှင့်တင် နိုင်ရေး ဦးစားပေး ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်းများ သည် ယခင်အစိုးရများအဆက်ဆက်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပြီး အကြောင်းအမျိုးမျိုး ကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူသည့်ကာလတွင် အမြန်ဆုံး ပြီးပြတ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။


ကုလားတန်စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် တရားဝင်စတင်ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ မြဝတီလမ်းကြောင်းကိုလည်း အစောပိုင်းကတည်းက စတင်အကောင်အထည်ဖော်ခဲ့သည်။ အဆိုပါ လမ်းကြောင်းများကို နိုင်ငံတော်၏အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာနိုင်ငံ များနှင့်လည်း ဆောင်ရွက်လျက်ရှိသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းတို့နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ဒေသတွင်း၌ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးနှင့် စပ်လျဉ်းသည့် အချက်များကို သဘောတူညီခဲ့သည်။


မဟာဗျူဟာလမ်းမကြီးများသည် စီးပွားရေးနှင့် ကူးသန်းသွားလာရေးအတွက် အလွန်အရေးပါသဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံနှင့် ဆက်သွယ်အသုံးပြု လျက်ရှိသည့် မုံရွာ-ယာကြီး-ကလေး-တမူးလမ်းကြောင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ဒေသရှိ ပြည်နယ်ခြောက်ပြည်နယ်တို့နှင့် ကူးလူးဆက်ဆံမှုများရရှိလာပါက မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ အလားတူ မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သည် နိုင်ငံလူဦးရေနှင့် စီးပွားရေးအခွင့်အလမ်းများစွာရှိသဖြင့် ကုန်သွယ်မှုပြုလုပ်ပါက များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံနှင့်မူ ယခင်ကတည်းက အပြန်အလှန်ကုန်သွယ်မှုများရှိခဲ့ပြီးဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် တရုတ်၊ လာအို၊ ထိုင်းသုံးနိုင်ငံတို့နှင့် အပြန်အလှန်ကုန်သွယ်မှုများ ပြုလုပ်နိုင်ပါက ရှမ်းပြည်နယ်အရှေ့ပိုင်းသည် များစွာဖွံ့ဖြိုးတိုးတက်လာမည်။


ထိုသို့ဆောင်ရွက်ရာတွင် တည်ဆောက်ရေးအပိုင်း၊ လုံခြုံရေးအပိုင်းနှင့် ဥပဒေထိန်းချုပ်ရေးအပိုင်းတို့ကို ဆောင်ရွက်ပေးရန်လိုသည်။ လက်ရှိတွင် အကြမ်းဖက်အဖျက်အန္တရာယ်များကြောင့် အဆိုပါလမ်းကြောင်း များကို အပြည့်အဝအကောင် အထည်ဖော်ရန်လိုအပ်လျက်ရှိသည်။ ယခုအခါ လုံခြုံရေးနှင့်ပတ်သက်၍ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာပြီဖြစ်ရာ နိုင်ငံအလိုက်၊ အဖွဲ့အစည်းအလိုက် သဘောတူညီချက်များပါအတိုင်း ပြီးပြတ်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လုံခြုံရေးပိုင်း ကောင်းမွန်လာပါက တည်ဆောက်ရေးပိုင်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နယ်စပ်ဒေသကုန်သွယ်ရေးသာမက နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအတွက် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။


နယ်စပ်ဒေသနေ ပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုများ ကောင်းမွန်ခြင်းသည် နှစ်နိုင်ငံ လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် မဟာဗျူဟာမြောက် ယခုစီမံကိန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုသာမက နှစ်နိုင်ငံဆက်ဆံရေးကိုပါ မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများဖြစ်သဖြင့် စီမံကိန်းများအောင်မြင်ရေး အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မဟာဗျူဟာမြောက်လမ်းမကြီးများ တည်ဆောက်ရေးကို သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်ကြမည်ဆိုပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ရာ စီမံကိန်းများ အမြန်ဆုံးအောင်မြင်ပြီးစီးရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပါကြောင်း။     ။

No comments

Powered by Blogger.