သီရိလင်္ကာနိုင်ငံ၏ ပို့ကုန်ဝင်ငွေ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော် ရရှိ



ဇူလိုင် ၂၃

သီရိလင်္ကာနိုင်ငံ၏စုစုပေါင်းပို့ကုန်ဝင်ငွေသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သီရိလင်္ကာ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့က ယမန်နေ့ကထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဇန်နဝါရီလမှ ဇွန်လအထိ ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ပို့ကုန်စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၁ ဘီလီယံခန့် ရှိခဲ့ကြောင်း ထိုအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါခြောက်လတာကာလအတွင်း ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်သည် ယခင်နှစ်ကထက် ၄ ဒသမ ၄၉ ရာခိုင်နှုန်း မြင့်တက်လာကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။

ကုန်စည်တင်ပို့မှုသည် ဇွန်လတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံ ရှိရာ ယခင်နှစ် အလားတူလကထက် ၁၅ ဒသမ ၀၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ယာယီအကောက်ခွန် စာရင်းအင်းများနှင့် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာနှင့် ရေနံထွက် ပစ္စည်းများ၏ ခန့်မှန်းတင်ပို့မှုတန်ဖိုးများအရ သိရသည်။

ဝန်ဆောင်မှုကဏ္ဍ ပို့ကုန်ဝင်ငွေသည် ဇွန်လအတွင်း ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၅၂ သန်း ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၇၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ဇွန်လအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ စုစုပေါင်း ပို့ကုန်ဝင်ငွေသည် ခန့်မှန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆ ဘီလီယံ ရရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၅၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သီရိလင်္ကာ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.