သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၆၁၀၆၀ အထိ မြင့်တက်လာ
ဇူလိုင် ၆
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ ၆၁၀၆၀ ရှိပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ထပ်မံကူးစက်ခံရသူ ၂၆၀၄ ဦးရှိကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာန အင်န်ဒီစီယူ(NDCU) က ယနေ့တွင် ပြောကြားခဲ့သည်။
အနောက်ပိုင်းပြည်နယ်သည် ရောဂါဖြစ်ပွားမှု၏ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေပြီး ရောဂါ ဖြစ်ပွားသူ ၃၂၀၅၄ ဦး သို့မဟုတ် တစ်နိုင်ငံလုံး၏ ၅၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ တောင်ပိုင်းပြည်နယ်တွင် ရောဂါဖြစ်ပွားသူ ၉၆၇၄ ဦးရှိပြီး ဆာဘာရာဂါမူဝါတွင် ၅၂၃၇ ဦး၊ အလယ်ပိုင်းတွင် ၄၈၂၃ ဦး၊ အရှေ့ပိုင်းတွင် ၂၉၇၉ ဦးနှင့် မြောက်ပိုင်းတွင် ၂၇၇၈ ဦး ရှိကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဌာန (MOH) နယ်မြေ ၁၄၂ ခုကို သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားသည့် အန္တရာယ်ဇုန်များအဖြစ် အင်န်ဒီစီယူက သတ်မှတ်ထားသည်။ ယခုနှစ်အတွင်း ဇွန်လတွင် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၂၁၅၄၆ ဦးရှိရာ လစဉ်ကူးစက်မှု အရေအတွက် အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာ ကပီလာ ကန်နန်ဂါရာက ရောဂါကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ဆေးရုံများအပေါ် ဖိအားများစွာ သက်ရောက်နေပြီး လူနာများကို ကုသစောင့်ရှောက်ပေးရန် ပိုမိုခက်ခဲလာသည်ဟု ပြောကြားခဲ့သည်။
ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရေတို၊ ကာလလတ်နှင့် ကာလရှည် အစီအစဉ်များ ပါဝင်သည့် အဆင့်သုံးဆင့် မဟာဗျူဟာကို အာဏာပိုင်များက ပြင်ဆင်ထားသော်လည်း လက်ရှိတွင် ဆေးရုံများအပေါ် ဖိအားများ မြင့်မားနေပြီး ကူးစက်မှုများ ဆက်လက်တိုးလာပါက သေဆုံးမှုနှုန်း မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိသဖြင့် အရေးပေါ်ရေတိုဆောင်ရွက်ချက်များကို ဦးစားပေးအကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments