တရုတ်နိုင်ငံအလယ်ပိုင်း၌ မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ၁၁ ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံး
ဇူလိုင် ၇
တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်၏ အရှေ့ပိုင်းတွင် ယမန်နေ့ညက မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လူ ၁၁ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ယင်းပြည်နယ်အာဏာပိုင်များက ပြောကြားခဲ့သည်။
ဟွမ်းရှီ၊ ဟွမ်ဂန်၊ အီကျိုးနှင့်ရှန်နင်းမြို့တို့တွင် ယမန်နေ့ ည ၇ နာရီမှ ၁၁ နာရီအတွင်း မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြို့နယ်နှစ်ခုတွင် မိုးကြိုးမုန်တိုင်းများသည် အဆင့် ၁၃ အထိ ရောက်ရှိကာ အချို့နေရာများတွင် လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ရာသီဥတုဆိုးရွားမှုကြောင့် အဆောက်အအုံ ၂၂ လုံး ပြိုလဲခဲ့ပြီး ထိုဒေသရှိ အခြားအိမ်ခြေ ၄၈၅၅ လုံး ပျက်စီးကာ ဒေသခံ ၃၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုပြည်နယ်အာဏာပိုင်များသည် ကယ်ဆယ်ရေးနှင့် အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေပြီး မြေပြိုမှု၊ ရေကြီးမှု ထပ်မံဖြစ်ပွားခြင်းကဲ့သို့သော နောက်ဆက်တွဲ ဘေးအန္တရာယ်များမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိသည်ဟုသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments