တရုတ်နိုင်ငံ Heilongjiang ကုန်သည်ကြီးများ အသင်းက ငှက်ပျောလျှော်နှင့် မြက်မှ ထုတ်လုပ်သည့် လက်မှုပစ္စည်းများ ဝယ်ယူ

 


​​​​​​​ရန်ကုန် ဇူလိုင် ၂


Green Banana Myanmar ၏ စွန့်ဦးတီထွင်လုပ်ငန်းဖြစ်သည့် ငှက်ပျောလျှော်နှင့် မြက်မှ ထုတ်လုပ်သည့် အရည်အသွေးမြင့် လက်မှုပစ္စည်းများကို တရုတ်နိုင်ငံ Heilongjiang ကုန်သည်ကြီးများအသင်းက ဝယ်ယူရန်အတွက် ဇွန် ၃၀ ရက်တွင် သဘောတူလက်မှတ်ရေးထိုးသည်။


“နိုင်ငံတော်အကြီးအကဲ တရုတ်ခရီးစဉ်သွားပြီး ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ခရီးသွားပြပွဲကနေတစ်ဆင့် အချိတ်အဆက်ရခဲ့တယ်။ အဲဒီကနေ ငှက်ပျောလျှော်နဲ့ မြက်ကထွက်တဲ့ပစ္စည်းတွေ တင်ပို့ရောင်းချနိုင်ဖို့ လက်မှတ်ထိုးဖြစ်ခဲ့တာပါ။ ဒီလုပ်ငန်းကနေ ဒေသခံတွေအလုပ် အကိုင်ဖန်တီးပေးနိုင်လို့ ဝမ်းသာကျေနပ်ရပါတယ်။ စွန့်ပစ်ပစ္စည်းကနေ လူသုံးကုန်ပစ္စည်းတွေ ဆက်ထုတ်ချင်ပါတယ်”ဟု Green Banana Myanmar တည်ထောင်သူ ဦးမြင့်သိန်းက ပြောသည်။


Green Banana Myanmar အနေဖြင့် ငှက်ပျောလျှော်နှင့် မြက်မှ ခေါင်းအုံး၊ ဦးထုပ်၊ ပုဝါ၊ အိတ်၊ ဖိနပ်၊ ဖျာ ဒီဇိုင်းမျိုးစုံနှင့် အခြားလူသုံးကုန် ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပြီး အဆိုပါ လက်မှုပစ္စည်းများကို HeilongJiang ကုန်သည်ကြီးများအသင်းက တရုတ်နိုင်ငံ ပြည်နယ် လေးခုရှိ အခြားကုမ္ပဏီများနှင့် အဖွဲ့အစည်းများထံ ရောင်းချသွားမည် ဖြစ်ကာ လာမည့်ဩဂုတ်လတွင် တင်ပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး

No comments

Powered by Blogger.