ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် International Leadership College (ILC) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ



နေပြည်တော် ဇူလိုင် ၁၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အတူ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် International Leadership College (ILC) မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်း ၁၂၀ ကျော်အား ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းသူ ကျောင်းသားများအား အနာဂတ်လူငယ် အုတ်တစ်ချပ် သဲတစ်ပွင့် Video Clip ကို ဦးစွာပြသသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုလို International Leadership College (ILC) မှ ဘွဲ့ကြို၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ တက်ရောက်နေသော ကျောင်းသူ ကျောင်းသားများပါဝင်သည့် ပညာတတ်လူငယ်များ ဦးဆောင်၍ မိမိတို့ပြည်သူ့လွှတ်တော်ကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည့်အတွက် လွှတ်တော်အနေဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ မဲဆန္ဒနယ် အသီးသီးရှိ မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ ရပ်ရွာ၊ ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ယုံကြည်အားကိုးစွာဖြင့် ဒီမိုကရေစီနည်းလမ်းအတိုင်း ရွေးကောက်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ စုဝေးရှိနေသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် နိုင်ငံ၏အကျယ်အဝန်း၊ လူဦးရေအပေါ်မူတည်ပြီး လွှတ်တော်နှစ်ရပ်စနစ် (bicameral) နှင့် လွှတ်တော်တစ်ရပ်စနစ် (unicameral) ဟူ၍ ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးပါကြောင်း၊ မြို့နယ်ကိုအခြေခံ၍ လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များပါဝင်သည့် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ ရွေးကောက်ပွဲဥပဒေနှင့်အညီ အချိုးကျ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များပါဝင်သည့် အမျိုးသားလွှတ်တော်တို့ဖြစ်ပါကြောင်း၊ အဆိုပါလွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရသည့် ပြည်ထောင်စုလွှတ်တော်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း လွှတ်တော်တစ်ရပ်စီ ရှိကြပါကြောင်း။

လွှတ်တော်၏အဓိကလုပ်ငန်းတာဝန်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒေ၏ အကာအကွယ်အောက်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ဥပဒေပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများ၏လိုလားချက်၊ ဆန္ဒများကို ရုပ်လုံးဖော် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောမဏ္ဍိုင်များနှင့် အချင်းချင်းအပြန်အလှန်ထိန်းညှိပေါင်းစပ် ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း။

ထိုသို့ လွှတ်တော်၏ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကော်မတီများကို ဖွဲ့စည်းထားရှိပြီး ၎င်းကော်မတီများသည် လွှတ်တော်ငယ် များအဖြစ်လည်းကောင်း၊ ထောက်တိုင်များအဖြစ်လည်းကောင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါကြောင်း၊ ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် လွှတ်တော်တွင် ပညာရေးမြှင့်တင်မှုကော်မတီတစ်ရပ်ကို ထည့်သွင်းဖွဲ့စည်းထားပါကြောင်း၊ အဆိုပါကော်မတီတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်၊ အဓိကရည်မှန်းချက်များ ပညာရေးကဏ္ဍမြင့်မားစေရန် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

လွှတ်တော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသူ ကျောင်းသားများအနေ ဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်ကို ယုံကြည်အားကိုးကြစေ လိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏ အနာဂတ်ခရီးခိုင်မာစေရေးအတွက် လွှတ်တော်နှင့် ယုံယုံကြည်ကြည် လက်တွဲဆောင်ရွက်ကြဖို့လည်း လွှတ်တော်က အမြဲတမ်းတံခါးဖွင့် ဖိတ်ခေါ်ပါကြောင်း၊ နောင်တွင် လွှတ်တော်၌ “လူငယ်စကားဝိုင်းများ၊ လူငယ်ဆွေးနွေးပွဲများ၊ Open Parliament ပုံစံများ” ပြုလုပ်မည့် အစီအစဉ်များလည်း ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍ၊ ဥပဒေပြုရေးအဆင့်ဆင့်၊ ပညာရေးကဏ္ဍများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာကြသည့် International Leadership College (ILC)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

သတင်းစဉ်

No comments

Powered by Blogger.