ဗင်နီဇွဲလားငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၆၁၂၅ ဦးအထိ မြင့်တက်လာ



ဩဂုတ် ၄

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေ ၆၁၂၅ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ဂ်ျ ရိုဒရီဂွက်ဇ်၏ ယမန်နေ့ကဖော်ပြချက်အရ သိရသည်။

ရိုဒရီဂွက်ဇ်၏ တယ်လီဂရန်ချန်နယ်တွင် ဖော်ပြထားသော အစီရင်ခံစာတွင် ကယ်ဆယ်ခံရသူဦးရေ ၆၄၆၂ ဦးအထိ ရှိနေဆဲဖြစ်ပြီး ဆေးရုံတွင် ကုသမှုခံယူနေသူ ၆၀၉၉၂ ဦး ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် ငလျင်ဒဏ်သင့် မိသားစုများထံ နေအိမ် ၂၈၇ လုံး ပို့ဆောင်ပေးခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အဆောက်အအုံ ၄၃၆၇၉ လုံးကို စစ်ဆေးအကဲဖြတ်ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ဗင်နီဇွဲလားအစိုးရသည် အဆောက်အအုံများတွင် နေထိုင်ရန်သင့်လျော်မှုကို အကဲဖြတ်ရန် ယာဉ်အသွားအလာ မီးပွိုင့်အရောင်စနစ်ကို အသုံးပြုထားသည်။ အစိမ်းရောင်အမှတ်အသားသည် နေထိုင်ရန် သင့်လျော်သော အဆောက်အအုံကိုဖော်ပြပြီး အဝါရောင်အမှတ်အသားသည် ဝင်ရောက်အသုံးပြုမှုကိုကန့်သတ်ထားသည့် အဆောက်အအုံကိုရည်ညွှန်းသည်။ အနီရောင် အမှတ်အသားမှာမူ အန္တရာယ်မြင့်မားသည့်အဆောက်အအုံဖြစ်ပြီး ဖြိုချဖျက်သိမ်းရနိုင်သည့် အဆောက်အအုံဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ပြင်းအား ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်များမှာ အနောက်ပိုင်းရှိ Yaracuy ပြည်နယ်နှင့် အလယ်ပိုင်းရှိ La Guaira ပြည်နယ်တို့တွင် အသီးသီး တည်ရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.