ကချင်ပြည်နယ်အတွင်း ကျန်ရှိသည့် မိုးညှင်း-နန့်စီးအောင်အထိ ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေး

 


မြစ်ကြီးနား သြဂုတ် ၃၁

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့မီးရထားခရီးစဉ်ကို ပြည်နယ်အတွင်း ကျန်ရှိသည့် မိုးညှင်း-နန့်စီးအောင်အထိ ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားခရီးစဉ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ကျန်ရှိသည့် မိုးညှင်း-နန့်စီးအောင် မီးရထားလမ်းပိုင်း ၂၂ မိုင်ကို ဆက်လက်ပြေးဆွဲနိုင်ရေးအတွက် လမ်းပိုင်းနှင့် သံလမ်းတံတားများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများနှင့် မိုးညှင်း-နန့်စီးအောင်လမ်းပိုင်းရှိ ကာဒူ၊ မော်ဟန်၊ နန့်စီးအောင် ဘူတာသုံးဘူတာ အဆောက်အအုံအား စစ်ဆေးပြုပြင် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြသည်။

 

ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်ဘောလုံးကွင်းအတွင်း ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ မိုးရာသီအားကစားပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဗန္ဓုလအသင်းနှင့် ဘုရင့်နောင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို တက်ရောက်ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအပြီးတွင် ဘုရင့်နောင်အသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဖျော်ဖြေရေးအဖွဲ့များနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ နေရာအလိုက် အကောင်းဆုံးနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ အားကစားသမား၊ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲဆုရ အသင်းများအား တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.