အင်ဒိုနီးရှားကျောင်းသား ၂၆၀ ကျော်တွင် အစာအဆိပ်သင့်မှုသံသယရှိသောလက္ခဏာများတွေ့ရှိ
ဩဂုတ် ၁၄
အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်တွင် ကျောင်းသား ၂၆၉ ဦးထက်မနည်း နေ့လည်စာစားပြီးနောက် အစာအဆိပ်သင့်မှုသံသယရှိသောလက္ခဏာများ ဖြစ်ပေါ်လာရာ ယမန်နေ့မှစ၍ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
ကာရိုဒေသရှိ ဒေသခံကျောင်းငါးကျောင်းမှ ကျောင်းသားများတွင် ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ အရေပြားယားယံခြင်းနှင့် အသက်ရှူရခက်ခဲခြင်းလက္ခဏာများ တွေ့ရှိခဲ့ရာ ၎င်းတို့အား ကုသမှုခံယူရန် ဒေသခံဆေးရုံအသီးသီးသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ဒေသခံပညာရေးအရာရှိ Zulkarnain Barus က ငါးဟင်းလျာတစ်မျိုးကြောင့် ရောဂါဖြစ်ပွားရသည်ဟု သံသယရှိကြောင်းပြောကြားခဲ့ပြီး မီးဖိုချောင်မှ အစားအစာနမူနာများကို ဓာတ်ခွဲခန်းစစ်ဆေးရန် ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိခိုက်ခံရသူ ကျောင်းသားအားလုံးသည် လက်ရှိတွင် တည်ငြိမ်သောအခြေအနေတွင်ရှိကြောင်း ၎င်းက အတည်ပြုပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments