ဂျပန်နိုင်ငံ၌ တုပ်ကွေးရာသီ ပုံမှန်ထက် စောစီးစွာစတင်
ဩဂုတ် ၂၈
ဂျပန်နိုင်ငံတွင် တုပ်ကွေးရာသီသည် ပုံမှန်ထက်စောစီးစွာစတင်နေကြောင်း ဂျပန်ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၃ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာဌာနပေါင်း ၃၀၀၀ ကျော်တွင် တုပ်ကွေးလူနာ ၄၀၉၄ ဦးရှိကြောင်း ယနေ့တွင် ပြောကြားခဲ့သည်။
ကျန်းမာရေးဌာနတစ်ခုလျှင် ပျမ်းမျှ တုပ်ကွေးလူနာအရေအတွက်မှာ ၁ ဒသမ ၁၁ ဦးရှိခဲ့ပြီး တုပ်ကွေးရာသီ စတင်ပြီဟု သတ်မှတ်သည့် စံနှုန်း ၁ ဦးထက် ကျော်လွန်ခဲ့သည်။
ယခုနှစ် တုပ်ကွေးရာသီ စတင်ချိန်သည် ၁၉၉၉ ခုနှစ်တွင် စစ်တမ်းစတင်ကောက်ယူခဲ့ပြီးနောက် ဒုတိယအစောဆုံး ဖြစ်သည်။ အစောဆုံး စတင်ခဲ့သည့်နှစ်သည် တုပ်ကွေးအမျိုးအစားသစ်တစ်မျိုး ပျံ့နှံ့ခဲ့သော ၂၀၀၉ ခုနှစ် ဖြစ်သည်ဟု သိရသည်။
မှတ်တမ်းများတွင် တစ်နှစ်ပတ်လုံး တုပ်ကွေးရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်ကို ထည့်သွင်းမထားကြောင်း ဖော်ပြထားသည်။
ဒေသအလိုက် တောင်ပိုင်း အိုကီနာဝါစီရင်စုတွင် ဆေးဘက်ဆိုင်ရာဌာနတစ်ခု လူနာ ၄ ဒသမ ၄၃ ဦးရှိပြီး အရှေ့မြောက်ပိုင်းရှိ အိဝါတီနှင့် အအိုမိုရီစီရင်စုတို့တွင် ၂ ဒသမ ၁၀ ဦးနှင့် ၂ ဒသမ ၀၈ ဦး အသီးသီးရှိကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ခြင်းနှင့် လက်ဆေးခြင်း တို့ကဲ့သို့သောအခြေခံကြိုတင်ကာကွယ်မှုများကို လိုက်နာကြရန် အကြံပြုထားသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments