ဂျပန်နိုင်ငံ၌ ဆယ်ကျော်သက်များကိုကာကွယ်ရန် လူမှုမီဒီယာကုမ္ပဏီများက မိဘအသိပေးစနစ်များ ထည့်သွင်း
ဩဂုတ် ၂၄
ဂျပန်နိုင်ငံတွင် လူမှုကွန်ရက်ကုမ္ပဏီများသည် မိဘများက ၎င်းတို့ကလေးများ၏ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် အစီအမံအသစ်များကို စတင်မိတ်ဆက်လျက်ရှိသည်။ ယင်းလုပ်ဆောင်ချက်များသည် လူမှုကွန်ရက်များကိုအလွန်အကျွံအသုံးပြုခြင်းက အရွယ်မရောက်သေးသူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟူသော စိုးရိမ်မှုများကြားတွင် အစိုးရကစည်းမျဉ်းအသစ်များချမှတ်ရန် စဉ်းစားနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ မိဘအသိပေးစနစ်များ၏ရည်ရွယ်ချက်သည် ဆယ်ကျော်သက်များ၏ အွန်လိုင်းလုံခြုံရေးကို ပိုမိုကာကွယ်ပေးရန်နှင့် မိဘများအား ၎င်းတို့ကလေးများ၏ လူမှုကွန်ရက်အသုံးပြုမှုကို ပိုမိုသိရှိစောင့်ကြည့်နိုင်စေရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီး မီတာသည် ယခုလအတွင်း ဂျပန်နိုင်ငံရှိ ၎င်း၏ အင်စတာဂရမ်ပလက်ဖောင်းတွင် မိဘများထံ အသိပေးသည့် လုပ်ဆောင်ချက်တစ်ရပ်ကို စတင်အသုံးပြုခဲ့သည်။
ယင်းစနစ်သည် ဆယ်ကျော်သက်အသုံးပြုသူတစ်ဦးက မိမိကိုယ်ကိုသတ်သေခြင်း သို့မဟုတ် မိမိကိုယ်ကို ထိခိုက်အောင်ပြုလုပ်ခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှာဖွေနေသည်ဟုတွေ့ရှိပါက အီးမေးလ် သို့မဟုတ် အက်ပ်မှတစ်ဆင့် မိဘ သို့မဟုတ် အုပ်ထိန်းသူထံ အသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအသိပေးချက်တွင် အခြေအနေကိုမည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့် အကြံပြုချက်များလည်း ပါဝင်သည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန၏အကြံဉာဏ်တောင်းခံနိုင်သည့်ဌာန၏ ဆက်သွယ်ရန် အချက်အလက်များကိုလည်း ထည့်သွင်းပေးထားသည်။
ဗီဒီယိုမျှဝေသည့် ပလက်ဖောင်းဖြစ်သော TikTok ကလည်း အရွယ်မရောက်သေးသူများကို ကာကွယ်ရန် လုပ်ဆောင်ချက်များကို မိတ်ဆက်ထားသည်။ ၎င်းတို့တွင် မိဘများအား ၎င်းတို့၏ကလေးများ ကြည့်ရှုချိန်ကို ကန့်သတ်ခွင့်ပြုခြင်းနှင့် မသင့်လျော်သော အကြောင်းအရာများကို ကြည့်ရှုခြင်း ပါဝင်သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments