ဂျပန်နိုင်ငံသို့ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင်လတွင် ပြည်ပခရီးသွားများ မြင့်တက်လာ



ဩဂုတ် ၂၀

ဂျပန်နိုင်ငံသို့ ဇူလိုင်လတွင် ပြည်ပခရီးသွားများ ၃ ဒသမ ၄၄ သန်းအထိ ရောက်ရှိခဲ့ရာ ယခင်နှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး  ပြည်ပခရီးသွားဝင်ရောက်မှုသည် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် မြင့်တက်လာခြင်း ဖြစ်သည်ဟု သိရသည်။

တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ အရေအတွက် သိသိသာသာ ကျဆင်းနေဆဲဖြစ်သော်လည်း တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အခြားနေရာများမှ လာရောက်လည်ပတ်သူများ အရေအတွက်သည် ထိုကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်ကိုပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့ပုံရကြောင်း ဖော်ပြထားသည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့က ၎င်း၏ကနဦးစာရင်းဇယားများအရ ဇူလိုင်လတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၄၄၂၁၀၀ ရှိရာ တစ်လတာအတွက် ပြည်ပခရီးသွားဝင်ရောက်မှု စံချိန်တင် အမြင့်ဆုံးဖြစ်သည်ဟု သိရသည်။

နိုင်ငံ သို့မဟုတ် ဒေသအလိုက် ဟောင်ကောင်မှလွဲ၍ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ အရေအတွက်သည် နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာမှုကြောင့် ၅၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ လာရောက်လည်ပတ်သူ ၄၂၈၀၀၀ ကျော် ရှိခဲ့သော်လည်း ယခင်နှစ်က ခရီးသွားဝင်ရောက်မှုအရေအတွက်ထက်လျော့နည်းခဲ့ရာ ခရီးသွားဝင်ရောက်မှု ရှစ်လဆက်တိုက် ကျဆင်းခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယားနိုင်ငံမှ လာရောက်လည်ပတ်သူ ၈၉၄၀၀၀ ကျော်ဖြင့် ၃၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကာ  ခရီးသွားဝင်ရောက်မှုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ထိုင်ဝမ်မှ လာရောက်လည်ပတ်သူ ၇၆၃၀၀၀ ကျော်ဖြင့် ၂၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ဂျပန်နိုင်ငံတွင် ဖြစ်ပွားနိုင်သည့်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အခြေအမြစ်မရှိသော ကောလာဟလများ လူမှုမီဒီယာတွင်ပျံ့နှံ့သွားခြင်းကြောင့် ဟောင်ကောင်မှ လာရောက်လည်ပတ်သူဦးရေသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ကျဆင်းသွားခဲ့သည်။

ယခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်မှ လာရောက်လည်ပတ်သူဦးရေသည် ၅၄ ဒသမ ၈ ရာခိုင်နှုန်း ရှိလာပြီး ၂၇၂၀၀၀ အထိ မြင့်တက်လာခဲ့သည်။ မလေးရှားနိုင်ငံမှ လာရောက်လည်ပတ်သူဦးရေလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.