ရန်ကုန်အနောက်ပိုင်းခရိုင်၌ မြန်မာသံစဉ်ဂန္ထဝင်တေးသံရှင်ကြီးများအား ဂါရ၀ပြုတေးဂီတဖျော်ဖြေပွဲ ကျင်းပ
ရန်ကုန် ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြန်မာသံစဉ် ဂန္ထဝင်တေးသီချင်းများကို
ချစ်မြတ်နိုးသူများနှင့် တေးဂီတ ဝါသနာရှင်များ စိတ်ပါဝင်စားစွာ ခံစားနားဆင်နိုင်ရန်
ရည်ရွယ်၍ မြန်မာသံစဉ်ဂန္ထဝင် အဆိုတော်ကြီးများ၏ တေးဂီတဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ
၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဖျော်ဖြေ
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ဖျော်ဖြေပွဲကျင်းပရခြင်း၏
ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံဂီတ အစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်
RITU-70 Founder ဦးမြင့်ဖေတို့က မုဒိတာစကားနှင့် အမှာစကားများ ပြောကြားကြသည်။ ထို့နောက်
မြန်မာသံစဉ် ဂန္ထဝင်တေးသံရှင်ကြီး များအား ဂါရဝပြုကန်တော့ခဲ့ကြသည်။ ဆက်လက်၍ မြန်မာ့ဂီတ
လောကတွင် အစဉ်အလာကောင်း များနှင့်အတူ ပရိသတ်ရင်ထဲ စွဲမြဲကျန်ရစ်ခဲ့သည့် ဂန္ထဝင်တေးသံရှင်ကြီးများက
တစ်ဦးချင်းစီ သီဆို ဖျော်ဖြေခဲ့ကြရာ အမေထား (စည်သူ)က “မနက်ဖြန်သို့မဟုတ် ဘယ်သောခါ၊
သံသရာတစ်ကွေ့ဝယ်၊ နားလည်ပေးပါ”၊ သလ္လာဝတီ လှလှရီက “သလ္လာဝတီမြို့တော်၊
ရွာသာယာ၊ ချစ်သောမောင်”၊ ဒေါ်မိမိလေးက “လက်ပံပွင့်ကောက်၊
အမောပြေ၊ စံပယ်မွှေးမွှေး အထွေးဖို့”၊ ဒေါ်အေးအေးသွယ်က “ယုန်ကမတိုး
ပိုက်ကတိုး၊ အသဲ မှာအေးတဲ့ သပြေမလေး၊ ဆရာမ လေးရေ”နှင့် ဒေါ်ခင်ညွန့်ညွန့်သန်း
က “အချစ်ဟောင်းထံမှ စာချွန်တော်၊ တုံ့လှည့်မေတ္တာ၊ စံပယ်တင်မှည့်”၊ ဧည့်သည်အဆိုတော် တက္ကသိုလ်လဲ့လဲ့တို့က လူကြိုက်များသည့်
မြန်မာသံစဉ်တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဧည့်သည်တေးသံရှင်များနှင့်
တေးဂီတဝါသနာရှင်များကလည်း တေးသီချင်းများဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြရာ ခေတ်အဆက်ဆက်
မြန်မာ့ဂီတ အမွေအနှစ်များကို တစ်စုတစ်စည်းတည်း ပြန်လည်ခံစားနိုင်သည့် အမှတ်တရတေးဂီတ
ပွဲကောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး RITU-70 Founder (မြန်မာသံစဉ်မြတ်နိုးသူများ)အား အလှူငွေများ
ပေးအပ်ခဲ့သည်။
အဆိုပါဖျော်ဖြေပွဲသည် မြန်မာသံစဉ် ဂန္ထဝင်တေးသီချင်းများကို
မျိုးဆက်သစ်များအကြား ဆက်လက်ရှင်သန်စေရန်နှင့် ဂီတအနုပညာရှင်ကြီးများ၏ တန်ဖိုးမဖြတ်နိုင်သည့်
အနုပညာ အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း
သိရသည်။
နေလင်း(ပြန်/ဆက်)

No comments