တစ်ကျော့ပြန် နျူကလီးယား နည်းပညာ (၃)
နီဇော်သစ်
ပလာစမာတို့ကို တိုကာမက်ဟုခေါ်သော
မုန့်လက်ကောက်ပုံပတ်လမ်းထဲတွင် အရှိန်ပေးပြီး နံရံကိုမထိအောင် အားကောင်းသောသံလိုက်ဖြင့် ဆွဲလှည့်ပေးခြင်းသည် နေ၏ဗဟိုချက်မှ အပူမျိုးရအောင် လုပ်နိုင်သော်လည်း
ထိုမျှဖြင့် ဖျူရှင်မဖြစ်သေးဟု ရှေ့တွင်ပြောခဲ့သည်။ သို့သော် ထိုအဆင့်မှာ မဖြစ်မနေဖြတ်သန်းဖို့လိုအပ်သည့်အဆင့်ဖြစ်ပြီး
သိပ္ပံပညာရှင်များအနေဖြင့် ထိုသို့လုပ်နိုင်အောင် အထူးတလည် ကြိုးပမ်းအားထုတ်ခဲ့ကြရသည်။
၁၉၆၀ ပြည့်လွန်နှစ်များအတွင်း
ဆိုဗီယက် ပြည်ထောင်စုက တိုကာမက် တီ-၃ ကို လည်ပတ်စမ်းသပ်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင်
သူတို့၏ ပလာစမာ အပူချိန်မှာ ဒီဂရီဆဲလ်စီးယပ် ၁၀ သန်းရပြီဟု ထုတ်ပြန်သည်။ နောက်နှစ်တွင် ဗြိတိန်အဖွဲ့က သွားရောက်စမ်းသပ်ပြီး
အတည်ပြုသည်။ ယင်းမှာ ဖျူရှင်နည်းပညာအတွက် အရေးကြီးသောသမိုင်း မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။
သို့သော် ဖျူရှင်အဆင့်သို့ မရောက်သေးပါ။
ပလာစမာအဆင့်တွင် ဟိုက်ဒရိုဂျင်
အိုင်ဆိုတုပ်များဖြစ်သော ဒူတီရီယံနှင့် ထရစ်တီယံတို့သည် အလွန်ပူနေပြီဖြစ်ရာ စွမ်းအင်အခြေမြင့် အီလက်ထရွန်တို့ကို ဆက်ထိန်းမထားနိုင်တော့ဘဲ
အပေါင်း အိုင်းယွန်းများဖြစ်နေပြီ။
သဘာဝအရ လျှပ်စစ်အပေါင်းဓာတ်တို့သည် အချင်းချင်းတွန်းကန်သည်။ ဖျူရှင်ဖြစ်ဖို့ ဒူတီရီယံနှင့်
ထရစ်တီယံတို့ပေါင်းပြီး ဟီလီယံဖြစ်ဖို့လိုအပ်ရာ ကူးလောင်းအားဟုခေါ်သည့် ထိုတွန်းကန်အားကို ကျော်လွှားဖို့က အရေးကြီးဆုံး အတားအဆီးဖြစ်သည်။ သို့သော် အလွန်ပူပြင်းသော ပလာစမာစွပ်ပြုတ်ထဲတွင် ဒူတီရီယံနှင့် ထရစ်တီယံတို့သည်
အလွန်မြင့်မားသော အလျင်ဖြင့် ရွေ့လျားနေကြသည်က တစ်ကြောင်း၊ အမှုန်အဆင့်တွင် ကူးလောင်းအားကို
အပြည့်အဝ ကျော်စရာမလိုဘဲ ကွမ်တမ်လိုဏ်ခေါင်းဖောက်ပြီး သွားနိုင်သည်က တစ်ကြောင်းတို့ကြောင့်
တစ်ခုနှင့်တစ်ခု တော်တော်ကြီး နီးကပ်သည့် အနေအထားသို့ တစ်ခါတစ်ရံရောက်သွားသည်။
ဤနေရာတွင် နျူကလီးယားအားပြင်းက
ဝင်ပါလာသည်။ အားပြင်းသည် လျှပ်စစ်သံလိုက်အားလောက် လက်တံ မရှည်သော်လည်း အနီးကပ်လာလျှင် လျှပ်စစ်သံလိုက်အားထက် များစွာပိုမိုအားကြီးသည်။ ထို့ကြောင့် လုံလောက်အောင် နီးကပ်သွားသော
ဒူတီရီယံနှင့် ထရစ်တီယံ အိုင်းယွန်းတို့ကို အားပြင်းက ဆွဲကပ်ပေးလိုက်သည်။ ထိုအချိန်တွင်မှ
ဖျူရှင်လုပ်ငန်းစဉ် အထမြောက်သွားပြီး ဟီလီယံနျူကလိယ တစ်လုံး၊ နျူထရွန်တစ်လုံးနှင့် စွမ်းအင် ၁၇
ဒသမ ၆ မဂ္ဂါ အီလက်ထရွန်ဗို့ ထွက်လာသည်။ စွမ်းအင်ဘယ်ကရလဲဆိုလျှင် ထွက်လာသည့် ဟီလီယံနျူကလိယနှင့် နျူထရွန်တို့၏ ဒြပ်ထုစုစုပေါင်းသည် မူလ ဒူတီရီယံ-ထရစ်တီယံ ဒြပ်ထုနှစ်ခုပေါင်းအောက် အနည်းငယ်လျော့သွားသည်။ ထိုအခါ အိုင်းစတိုင်း၏နာမည်ကျော်
ဒြပ်ထု-စွမ်းအင် ညီမျှခြင်းအတိုင်း လျော့သွားသည့် ဒြပ်ထုနှင့်ညီမျှသော
စွမ်းအင်ထွက်လာခြင်းဖြစ်သည်။
၁၉၆၀ ပြည့်လွန်နှစ်များအတွင်း
ဆိုဗီယက်တိုကာမက်များ စတင်လည်ပတ်ခဲ့သည်မှ နှစ်ပေါင်း ၃၀ ကျော်အကြာ ၁၉၉၁ ခုနှစ်တွင်မှ ပထမဆုံး ဖျူရှင်စွမ်းအင်ကို ထုတ်လုပ်နိုင်သည်။
ဆိုဗီယက်တို့ တော့မဟုတ်။ ဥရောပသားတို့ဖြစ်သည်။ ဥရောပ နိုင်ငံများပူးပေါင်းပြီး ၁၉၇၃ ခုနှစ်တွင် ဂျက်ဟု
ခေါ်ကြသည့် Joint European Torus (JET)ကို ဒီဇိုင်းစဆွဲခဲ့ သည်။
၁၉၇၇ တွင် ဗြိတိန်၌ စတင်တည်ဆောက်သည်။ ၁၉၈၃ တွင် ပထမဆုံး ပလာစမာကို လည်ပတ်နိုင်ခဲ့သည်။ ၁၉၉၁ တွင် ပထမဆုံး ဒူတီရီယံ-ထရစ်တီယံ ပလာစမာကို လည်ပတ်နိုင် သည်။ ပထမဆုံး ဖျူရှင်ပါဝါ ၂ မဂ္ဂါဂျိုးလ်ကို
ရရှိခဲ့သည်။ ပမာဏအားဖြင့် ဘာမှမဟုတ်သော်လည်း သမိုင်းဝင်အောင်မြင်မှုဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင်မူ
ဖျူရှင်ပါဝါ ၁၆ ဒသမ
၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။
TFTR ဟု အတိုကောက်ခေါ်သော
တိုကာမက်ဖျူရှင် စမ်းသပ်ဓာတ်ပေါင်းဖိုကို ဆောက်လုပ်ရန် အမေရိကန် ကွန်ဂရက်က ၁၉၇၄ ခုနှစ်တွင်
ခွင့်ပြုလိုက်သည်။ ဒီ-တီ ဖျူရှင်ကို အမှန်တကယ်စမ်းသပ် မည့်စီမံကိန်းဟု ဆိုလိုသည်။ ၁၉၇၇ ခုနှစ်တွင် စတင်ဆောက်လုပ်သည်။ ကိုးနှစ်အကြာ ၁၉၈၂ ခုနှစ်တွင်မှ ပထမဆုံး
ပလာစမာကိုရရှိသည်။ ၁၉၉၃ ခုနှစ်တွင် ဒီ-တီဖျူရှင်ကို အောင်မြင်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ၁၀ ဒသမ ၇ မဂ္ဂါဝပ် ဖျူရှင်ပါဝါကို သမိုင်းဝင်ထုတ်လုပ်နိုင်ခဲ့သည်။
ထိုအဆင့်ကိုရောက်မှ
ဖျူရှင်ဖြစ်ပြီး ထွက်လာသည့် ဟီလီယံနျူကလိယများက ပလာစမာအတွက် ဘာတွေဆက်လုပ် ပေးနိုင်သလဲဆိုသည်ကို
လေ့လာနိုင်ခဲ့ကြသည်။ ထိုအပိုင်းမှာ အလွန်အရေးကြီးသည်။ ဟီလီယံနျူကလိယသည် လျှပ်စစ်ဓာတ်
အပေါင်း-၂ ရှိသည်။ ၃ ဒသမ ၅ မဂ္ဂါအီလက်ထရွန်ဗို့ အရွေ့စွမ်းအင်ဖြင့် ပလာစမာစွပ်ပြုတ်ထဲတွင်
အတူရောပြီး ပြေးနေသည်။ ထို့ကြောင့် အီလက်ထရွန်များနှင့် အတုံ့အလှည့်ရှိသည်။ ဆိုလိုသည်မှာ
ဟီလီယံ နျူကလိယ က သူ့အရွေ့စွမ်းအင်များကို အီလက်ထရွန်နှင့် အိုင်းယွန်းများထံ လွှဲပေးပြီး
ပိုမိုမြန်ဆန်စေကာ ပလာစမာအပူချိန်ကို ပိုမိုမြင့်တက်စေသည်။ ဤနည်းဖြင့် မြင့်တက်လာသောအပူချိန်ကြောင့်
ဒီ-တီ ဖျူရှင်များ ထပ်ဖြစ်၊ ဟီလီယံ နျူကလိယများ ထပ်ထွက်၊ အီလက်ထရွန်နှင့်
အိုင်းယွန်းများကို စွမ်းအင်လွှဲပေး၊ ဖျူရှင်ဆက်ဖြစ်ဆိုသည့် သံသရာကို ရရှိတော့သည်။
ဘာကြောင့် အဓိကကျလဲဆိုလျှင်
ထိုသို့ဖြစ်မှ စွမ်းအင်အပေးအယူအားဖြင့် အဓိပ္ပာယ်ရှိသည်။ အရင်ဆုံး ပလာစမာများ ပူလာအောင်
ပြင်ပအပူပေးစက်များဖြင့် အပူချိန်မြင့်လာအောင်လုပ်ရသည်ကို ရှေ့တွင်ပြောခဲ့ပြီ။ ဖျူရှင်ဖြစ်ပြီး
ဟီလီယံနျူကလိယမှ ရသည့်စွမ်းအင်ဖြင့် အပူချိန်ကို ဆက်လက်ထိန်းထားသည့်အချိန်တွင် ပြင်ပအပူပေးစက်များ မလိုတော့သည့်အပြင်
ယခင်က ပေးထားခဲ့ရသည့် စွမ်းအင်များကို ပြန်ကာမိစေမည်မဟုတ်ပါလား။ ယင်းအခြေအနေကို ကိုယ်တိုင်လောင်ကျွမ်းနိုင်သည့်
အခြေအနေဟု ဆိုနိုင်သည်။ TFTR က ထိုအဆင့်သို့ မရောက်ခဲ့သည့်တိုင်
လမ်းခင်းပေးနိုင်ခဲ့သည်။
သို့ဆိုလျှင် ထွက်လာသော နျူထရွန်ကရော ဘာလုပ်သလဲ။ နျူထရွန်သည် လျှပ်စစ်ဓာတ်မဆောင်။ ထို့ကြောင့်
တိုကာမက်ထဲမှ ပလာစမာစီးကြောင်းထဲတွင် သူ့ကိုပါ ထိန်းထား၍မရ။ မရသဖြင့် နံရံကိုဝင်တိုက်သည်။
ထိုသို့ ဖြစ်မည်ကို သိ၍ နံရံတွင် လစ်သီယံပါသော အလွှာတစ်ထပ်ကာထားသည်။ နျူထရွန်က အကာကိုဝင်တိုက်ပြီး
သူ့ထံမှ ၁၄ မဂ္ဂါ အီလက်ထရွန်ဗို့ အရွေ့စွမ်းအင်ကို လွှဲပေးလိုက်သည်။ ထိုအခါ နံရံအကာသည်
ပူလာ သည်။ ပူလာသောနံရံကို ရေဖြင့်အအေးခံရသည်။ ယခုအချိန်အထိ ထိုနေရာမှာပင် ရှိပါသေးသည်။ တကယ်တမ်းတွင် ထိုအပူကြောင့်
ရေများ ဆူပွက်လာပြီး ထွက်လာသော ရေနွေးငွေ့တို့ဖြင့် တာဘိုင်ကြီးများကိုလည်ပတ်စေကာ လျှပ်စစ်ထုတ်လုပ်ဖို့
ဆိုသည်က နောက်ဆုံးရည်မှန်းချက်ပန်းတိုင်။
ထပ်ပြောပါမည်။ ထိုအဆင့်သို့ မရောက်သေးပါ။
ဂျပန်နိုင်ငံက ဖျူရှင်
သုတေသနများကို ၁၉၆၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင်
JT-60 စီမံကိန်းကို စတင်ပြီး ၁၉၇၈ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၁၉၈၅ ခုနှစ်တွင်
ပထမဆုံး ပလာစမာကို ရရှိခဲ့
သည်။ အမေရိကန်၊ ဥရောပတို့နှင့် မရှေးမနှောင်းရခဲ့သည်ဟု ဆိုနိုင်သည်။ ဂျပန်နည်းပညာ၏ထူးခြားချက်မှာ
ထရစ်တီယံကိုမသုံးဘဲ ဟိုက်ဒရိုဂျင်နှင့် ဒူတီရီယံပလာစမာများကို အသုံးပြုကာ ဒီ-တီ ဖျူရှင်တွင် ရရှိနိုင်မည့် ပလာစမာအခြေအနေများကို အစားထိုးလေ့လာခဲ့သည်။ ကြာရှည်အပူထိန်းထားနိုင်သော
ပလာစမာရရှိဖို့ ရည်ရွယ်သည်။ ဖျူရှင်ပါဝါထွက်ဖို့ ရည်ရွယ်ချက်မပါ။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း
ဂျပန်သည် မြင့်မားသော ပလာစမာ အပူချိန်၊ မြင့်မားသော သိပ်သည်းဆ၊ အပူကို ကြာရှည်ထိန်းသိမ်းခြင်း၊
ပလာစမာ၏ ဖိအားတို့တွင် ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်များပြနိုင်ခဲ့သည်။
ယင်းမှာ နေအတုနည်းပညာဟု
ယနေ့ခေတ်တွင် လူပြောများနေသည့် နည်းပညာ၏အခြေခံမှစ၍ တိုးတက်လာပုံ ဖြစ်သည်။ အမေရိကန်၊
ဥရောပတို့၏ နောက်ဆက်တွဲ ရည်မှန်းချက်များ၊ တရုတ်၊ ကိုရီးယားတို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြခြင်း
စသည်တို့ကို နောက်တစ်ပတ်တွင် ဆက်ပြီးဆွေးနွေးကြပါမည်။

No comments