ပါကစ္စတန်နိုင်ငံ၌ ဆေးရုံမီးလောင်မှုကြောင့် ကလေးငယ် ၁၄ ဦးထက်မနည်းသေဆုံး



ဩဂုတ် ၂၆

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့  ပါကစ္စတန်ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျု၏ မီးယပ်အထူးကုဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါမီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဆေးရုံ၏ တတိယထပ်ရှိ မီးယပ်အထူးကုဆောင်ဧရိယာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုနေရာတွင် ကလေးများရှိနေခဲ့ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာတင်ယာဉ်များနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ကလေးအများအပြားကို ယင်းအဆောင်မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အစောပိုင်းတွင် ကလေးကိုးဦးသည် ထိုနေရာမှာပင် သေဆုံးခဲ့ပြီး အခြားသူများမှာမူ ကလေးဆောင်သို့ ပြောင်းရွှေ့ပြီးနောက် ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုစုံစမ်းစစ်ဆေးနေစဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.