အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ဧရာဝတီအပါအဝင် ခြေစစ်ပွဲအောင်အသင်းအားလုံး စုံလင်စွာထွက်ပေါ်
ရန်ကုန် ဩဂုတ် ၂၅
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲကို
သြဂုတ် ၁၇ ရက်မှ ၂၃ ရက် အထိ ကျင်းပခဲ့ပြီး မြန်မာကလပ် ဧရာဝတီအသင်းအပါအဝင် ခြေစစ်ပွဲအောင်အသင်းအားလုံး
စုံလင်စွာထွက်ပေါ်လာပြီဖြစ်သည်။
ခြေစစ်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပခဲ့ပြီး
အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးတစ်သင်းစီ ခြေစစ်ပွဲအောင်မြင်ခြင်းဖြစ်သည်။ ခြေစစ်ပွဲအပြီးတွင်
အုပ်စု (A) မှ ရမှတ်ကိုးမှတ်ရရှိသည့် အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း၊ အုပ်စု (B) မှ
ရမှတ်ခုနစ်မှတ်ရရှိသည့် ဖိလစ်ပိုင်ကလပ် ကာယာအသင်း၊ အုပ်စု (C) မှ ရမှတ်ကိုးမှတ်ရရှိသည့်
ဥဇဘက်ကစ္စတန်ကလပ် နာဆာ့ဖ်အသင်း၊ အုပ်စု (D) မှ ရမှတ်ကိုးမှတ်ရရှိသည့် မြောက်ကိုရီးယားကလပ်
April 25 အသင်း၊ အုပ်စု (E) မှ ရမှတ်ခုနစ်မှတ်ရရှိသည့် အီရန်ကလပ် ဘမ်ခါတွန်အသင်း၊ အုပ်စု
(F) မှ ရမှတ်ကိုးမှတ်ရရှိသည့် မြန်မာကလပ် ဧရာဝတီအသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
နောက်ဆုံးအဆင့် အုပ်စုပွဲများကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုက်ရိုက်ကစားခွင့်ရထားသည့် လက်ရှိချန်ပီယံ
မြောက်ကိုရီးယားကလပ် နာဂိုရမ်အသင်း၊ သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်း၊ ဂျပန်ကလပ်
ကိုဘေးအသင်း၊ တောင်ကိုရီးယားကလပ် ဟွာချွန်အသင်း၊ တရုတ်ကလပ်
ဘေဂျင်းကျန်တန်အသင်း၊ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ ခြေစစ်ပွဲအောင်အသင်းများဖြစ်သည့်
မြန်မာကလပ် ဧရာဝတီအသင်း၊ အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်း၊ ဖိလစ်ပိုင်ကလပ် ကာယာအသင်း၊ ဥဇဘက်ကစ္စတန်ကလပ် နာဆာ့ဖ်အသင်း၊
မြောက်ကိုရီးယားကလပ် April 25 အသင်း၊ အီရန်ကလပ် ဘမ်ခါတွန်အသင်း စုစုပေါင်း ၁၂ သင်း
ယှဉ်ပြိုင်မည်ဖြစ်သည်။
နောက်ဆုံးအဆင့် အုပ်စုပွဲများကို လေးသင်းသုံးအုပ်စုခွဲ
ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးနှစ်သင်းစီနှင့် တတိယနေရာရ အသင်းများအနက်
အကောင်းဆုံးနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်
အုပ်စုမဲခွဲပွဲကို စက်တင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ညီမြတ်သော်တာ

No comments